ယာဂင်ကလော့ပ် အကွက်ကုန် ထုတ်သုံးပြီလို့ မှတ်ချက်ပေးခံနေရတဲ့ ကိတ်တာ ဒဏ်ရာကိစ္စ

လီဗာပူးကွင်းလယ်လူ ကိတ်တာဟာ ဒူးဒဏ်ရာကြောင့် နိုင်ငံတကာသီတင်းပတ်မှာ ဂူနီယာအသင်းအတွက် သွားရောက် ကစားပေးမှာ မဟုတ်ဘဲ နုတ်ထွက်လိုက်ပြီဖြစ်ပါတယ်။

နော်တင်ဟမ် ဖောရက်စ်ပွဲမှာ ၆၄ မိနစ်ကြာ ပါဝင်ကစားခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် ကိတ်တာဟာ ဒီရာသီမှာ လီဗာပူးအသင်းအတွက် ၂၅ ပွဲထိ ကစားပေးထားပြီဖြစ်ပါတယ်။ လေးဦးဆက်တိုက် လူစားလဲမှုမှာ ဟန်ဒါဆန်နဲ့ လဲခံရတဲ့ ကိတ်တာက ဖောရက်စ်ပွဲမှာ ဘာပြဿနာမှ မရှိခဲ့ပေမယ့်လို့ အခု ဒူးဒဏ်ရာကြောင့် လက်ရွေးစင်က နုတ်ထွက်ခဲ့တာပါ။

ဂူနီယာအသင်းကပဲ အသင်းခေါင်းဆောင် ကိတ်တာဟာ လက်ရွေးစင်အသင်းထံ လာရောက် ပူးပေါင်းနိုင်မှာ မဟုတ်ကြောင်းနဲ့ ဒူးဒဏ်ရာကြောင့်လို့ အတည်ပြုပါတယ်။

ဒီနိုင်ငံတကာ သီတင်းပတ်မှာ ဂူနီယာအသင်းက ချစ်ကြည်ရေးပွဲတွေပဲ ယှဉ်ပြိုင်ရဖို့ ရှိတာဖြစ်ပါတယ်။ မတ်လ ၂၅ ရက်နေ့မှာ တောင်အာဖရိက၊ မတ်လ ၂၉ ရက်နေ့မှာ ဇမ်ဘာဗွေတို့နဲ့ ကစားရမှာဖြစ်တယ်။ ဒါကြောင့် အရမ်းကြီး အရေးပါလှတဲ့ ပွဲစဉ်မျိုးတွေ မဟုတ်ပါဘူး။

အခြားသော လီဗာပူးအသင်းသားဖြစ်တဲ့ ထရန့်က နိုင်ငံတကာသီတင်းပတ်မှာ တံကောက်ကြော ဒဏ်ရာကြောင့် မပါနိုင်ခဲ့ဘူး။ ထရန့်ကတော့ သီတင်းပတ် အနည်းငယ် နားရမှာဖြစ်ပြီး ကလပ်ပွဲတွေ ပြန်စချိန်မှာ ယှဉ်ပြိုင်ရမယ့် ဝတ်ဖိုဒ့်ပွဲမှာ ပါဝင်ဖို့ မသေချာသေးတာဖြစ်ပါတယ်။

ရိုဘိုကလည်း ကိုဗစ်ကြောင့် စကော်တလန်အသင်းနဲ့ ပူးပေါင်းနိုင်ခြင်း မရှိကာ လက်ရွေးစင်အသင်းရဲ့ ချစ်ကြည်ရေးပွဲ နှစ်ပွဲကို လွဲချော်သွားပါမယ်။ ကွင်းလယ်လူ သီယာဂိုကတော့ စပိန်အသင်း လူစာရင်းကနေ ချန်လှပ်ခံခဲ့ရကာ တိုက်စစ်သမား ဖာမင်နိုက ဘရာဇီးလူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာဖြစ်တယ်။

ကိတ်ာကိစ္စမှာ သူ့ရဲ့ ဒူးဒဏ်ရာက အသေးစာလောက်ပဲဖြစ်ကာ ပရီးမီးယားလိဂ် ပြန်လည် စတင်ရင် ပြန်ကစားနိုင်ဖွယ် ရှိပါတယ်။ ဧပရယ်လမှာ အရေးပါတဲ့ ပွဲစဉ်တွေရှိနေတာကြောင့် အဓိက လူစာရင်းကို တတ်နိုင်သလောက် ထိန်းထားနိုင်ရေးအတွက် ကိတ်တာကို နိုင်ငံအသင်း မလွတ်ရဖို့ လီဗာပူးအသင်းဘက်က စီစဉ်လာခြင်းလို့လည်း မှတ်ချက်ပေးနေကြပါတယ်။