ချူအာမန်နီ၊ ရာဖင်ညာတို့ကို စောင့်ကြည့်နေတဲ့ လီဗာပူးအသင်းရဲ့ အပြောင်းအရွှေ့ အလားအလာ

လီဗာပူးအသင်းဟာ အက်ဖ်အေဖလား၊ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဆိုတဲ့ ပြိုင်ပွဲစုံမှာ စိတ်လှုပ်ရှားစရာ ရာသီအဆုံးသတ်အတွက် ပြင်ဆင်နေသလို အနာဂတ်အတွက် ကစားသမားသစ် ခေါ်ယူရေးဆိုင်ရာ အစီအစဉ်တွေကိုလည်း စီစဉ်မှုတွေ လုပ်နေပါတယ်။

ဇန်နဝါရီမှာ ခေါ်ယူခဲ့တဲ့ လူးဝစ်ဒီယက်ဇ်ဟာ အထင်ကြီးစရာ ကောင်းပြီးသား အသင်းကို ပိုပြီးတော့တောင် အားကောင်းစေခဲ့ပါတယ်။ ရာသီကုန်ဖို့ နီးကပ်လာနေတာကြောင့် လီဗာပူးဟာ နောက်ထပ် ခေါ်ယူမှုတွေလုပ်ဖို့ စောင့်ကြည့် ချိတ်ဆက်မှုတွေ လုပ်နေခဲ့ပြီး ဖြစ်ပါတယ်။

မတ်လနိုင်ငံတကာသီတင်းပတ်မှာ လီဗာပူးနဲ့ ဆက်စပ်နေတဲ့ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းတွေအကြောင်းကို ပြောပြသွားပါမယ်။

Aurelien Tchouameni

လီဗာပူးဟာ မိုနာကို ကွင်းလယ်လူ ချူအာမန်နီကို လာမယ့် နွေအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စဉ်းစားနေကြောင်း ပြင်သစ်သတင်းဌာနတွေရဲ့ ဖော်ပြမှုအရ သိရပါတယ်။ နည်းပြ ယာဂင်ကလော့ပ်ဟာ နွေမှာ ထွက်ခွာတော့မယ့် မီလ်နာနဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆန်တို့ရဲ့ ကွင်းလယ်နေရာမှာ ရေရှည်အစားထိုးဖို့ အသက် ၂၂ နှစ်အရွယ် ကစားသမားကို အဓိကပစ်မှတ်ထဲက တစ်ဦးအဖြစ် မျှော်လင့်ထားတာပါ။

ဒါပေမယ့် ချူအာမန်နီကို ခေါ်ယူနိုင်ဖို့အတွက် ဥရောပ ထိပ်သီးကလပ်များစွာထံကနေ ပြိုင်ဆိုင်မှုတွေကို ကြုံရမှာ ဖြစ်ပါတယ်။ ချယ်ဆီးကလည်း ပြင်သစ်သားကို စိတ်ဝင်စားနေခဲ့ပြီး ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီတို့ကလည်း အခြေအနေကို စောင့်ကြည့်နေပေမယ့် မိုနာကိုကတော့ ကွင်းလယ်အတွက် ခေါ်ဈေးကို သတ်မှတ်ပြီးသား ဖြစ်ပါတယ်။

လီဂူးဝမ်းကလပ်ဟာ ချူအာမန်နီအတွက် ပေါင် ၄၂ သန်း အောက် ကမ်းလှမ်းမှုတွေကို စဉ်းစားသွားမှာ မဟုတ်ပါဘူး။ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ပြင်ပက ကွင်းလယ်လူတွေကို စောင့်ကြည့်နေတာ ၁ နှစ်ကျော်နေခဲ့ပြီဖြစ်ပြီး ချူအာမန်နီဟာ အသင်းရဲ့ အဓိက ပစ်မှတ်ထဲ ပါနေတယ်လို့တော့ သတင်းကြီးလာနေပါတယ်။

Raphinha

လီဗာပူးအသင်း နောက်ထပ် စောင့်ကြည့်နေသူ တစ်ယောက်ကတော့ ရာဖင်ညာပါ။ လိဒ်စ်ယူနိုက်တက်ရဲ့ တိုက်စစ်သမား ရာဖင်ညာကို စိတ်ဝင်စားနေတဲ့ ကလပ် အများအပြား ရှိနေပြီး တိုက်စစ်သမားကတော့ ကလပ်ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

လိဒ်စ်ယူနိုက်တက်နဲ့ ရာဖင်ညာကြား စာချုပ်ဖျက်သိမ်းကြေးက ပေါင် သန်း ၇၀ ထိရှိပေမယ့် ဒီရာသီမှာ လိဒ်စ်တို့ တန်းဆင်းရမယ်ဆိုရင် ပေါင် ၂၅ သန်းနဲ့တင် ခေါ်ယူခွင့်ရမယ့် အချက်ကလည်း ရှိနေပါတယ်။ ဒါကြောင့်လည်း လီဗာပူး၊ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့က တိုက်စစ်သမားအပေါ် စိတ်ဝင်စားမှုတွေ ဆက်ရှိနေတာပါ။

လီဗာပူးအသင်းဟာ ရာဖင်ညာအပေါ် ကလပ်ရဲ့ စိတ်ဝင်စားမှုကို မကွယ်ဝှက်ထားပေမယ့် ဇန်နဝါရီမှာ သူအစား ပေါ်တိုကနေ လူးဝစ်ဒီယက်စ်ကို ခေါ်ယူခဲ့ပါတယ်။ ရာသီကုန်မှာ အိုရီဂီ၊ မီနာမီနိုတို့ ထွက်ခွာနိုင်ပြီး မာနေး၊ ဆာလာ၊ ဖာမင်နိုတို့ရဲ့ စာချုပ်ကိစ္စတွေ ၁ နှစ်ပဲ ကျန်မှာဖြစ်လို့ တိုက်စစ်အတွက် နောက်ထပ် အားဖြည့်မှုတွေ လုပ်ဖို့ ရွေးချယ်မလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

လိဒ်စ်ရဲ့ နောက်ဆုံး စာချုပ်ကမ်းလှမ်းမှုဟာ လက်ရှိ ဘရာဇီးသား ရနေတဲ့ လစာထက် ၂ ဆနီးပါး တိုးပေးမှာ ဖြစ်ပေမယ့် စာချုပ်ဖျက်သိမ်းကြေး ပေါင် သန်း ၇၀ ကို လျှော့ပေးဖို့ ငြင်းပယ်နေတာက ဆွေးနွေးညှိနှိုင်းမှုတွေမှာ အတားအဆီး ဖြစ်စေခဲ့တာလို့ သိရပါတယ်။