အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ မန်စီးတီးနဲ့ ထပ်မံ ရင်ဆိုင်ရဦးမှာကို ကလော့ပ် တုန့်ပြန်

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ မန်စီးတီးနဲ့ ထိပ်တိုက်တွေ့တာနဲ့ ပတ်သက်လို့ ဒါက အနှေးနဲ့အမြန် တွေ့ရမယ့် ကိစ္စပါလို့ တုန့်ပြန်ပါတယ်။

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ လီဗာပူးနဲ့ မန်စီးတီးတို့ ထိပ်တိုက်မတွေ့ပေမယ့် ပြိုင်ပွဲစုံ လမ်းကြောင်းမှာ အတူရှိနေတဲ့ ကလပ်နှစ်သင်းဟာ တစ်ချိန်ချိန်မှာ ထိပ်တိုက်တွေ့နိုင်တယ်ဆိုတာကို အားလုံးက သိထားကြပြီးဖြစ်တယ်။ ဧပရယ်လ ၁၀ ရက်နေ့ အီတီဟက်မှာ နှစ်သင်း တွေ့ဆုံပြီး တစ်ပတ်အကြာ အက်ဖ်အေဖလားမှာတော့ ထပ်မံ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ယာဂင်က ” ကျနော်တို့တွေ ဝတ်ဖိုဒ့်ကနေ စတင်ရမှာဖြစ်ပြီး ဘင်ဖီကာ ပြီးရင်စီးတီး၊ နောက်စီးတီး၊ ယူနိုက်တက်၊ အဲဗာတန် ဆိုပြီး ယှဉ်ပြိုင်ရပါမယ်။ လီဗာပူးဘက်က အမြင်အရဆိုရင် အားလုံးက ပွဲကြီးပွဲကောင်းတွေဖြစ်ပါတယ်။ ဒီတော့ ကျနော်တို့ တစ်ပွဲချင်းကိုပဲ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။ တစ်ပြိုင်နက် အားလုံးကို ရင်ဆိုင်ရမှာ မဟုတ်ပါဘူး၊ အဲ့လိုကလည်း မဖြစ်နိုင်ဘူး။

ပွဲမစခင်တည်းက ကွာတားကို ကျော်ဖြတ်နိုင်ရင် ပြိုင်ဘက်အဖြစ် မန်စီးတီးနဲ့ တွေ့မယ်ဆိုတာကို ကျနော် သိခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ ဗိုလ်လုပွဲထံ သွားလိုပါတယ်။ ဘယ်ပြိုင်ပွဲဖြစ်ပါစေ တစ်ကွေ့မှာတော့ စီးတီးနဲ့ တွေ့ကိုတွေ့ရမှာက သေချာသလောက်ပါပဲ။

ဒီနှစ်မှာတော့ ကျနော်တို့ ဒါမျိုးကို သေချာပေါက် ရင်ဆိုင်ရမှာပါ။ လူတိုင်းက ကျနော်တို့နဲ့ ပြိုင်ဘက်အဖြစ် အတွဲကျလိုတယ်လို့ မထင်ပါဘူး။ ဒါပေမယ့် ဒီပွဲက ခက်ခဲပါလိမ့်မယ်။ ကျနော်တို့နဲ့ ရင်ဆိုင်ရတာ မန်စီးတီးအတွက် ခက်ခဲသွားအောင်ကို လုပ်ရပါလိမ့်မယ်။ အဲ့ပွဲမတိုင်ခင် ပွဲတွေ အများကြီး ကစားရဖို့ ရှိပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ အက်ဖ်အေဖလားမှာ မန်စီးတီး၊ ချန်ပီယံလိဂ်မှာ ဘင်ဖီကာတို့အပြင် ပရီးမီးယားလိဂ်မှာ မန်စီးတီး၊ ယူနိုက်တက်၊ အဲဗာတန်တို့ကို ဧပရယ်လအတွင်း ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။