ရိုဘို ကိုဗစ်ကူးခံထားရပြီး စကားမများချင်လို့ မာနေးကို ခေါက်ထားတာဆိုတဲ့ ယာဂင်

နော်တင်ဟမ် ဖောရက်စ်ပွဲမှာ အဓိက ကစားသမားအချို့ မပါနိုင်ခဲ့တာက အဖျားနဲ့ ဒဏ်ရာတွေကြောင့် ဖြစ်တယ်လို့ ပွဲနေ့မှာတင် ကလော့ပ်က ထုတ်ပြောလာပါတယ်။

ကစားသမားတွေရဲ့ ကြံ့ခိုင်မှုနဲ့ သူ့ရဲ့ ပွဲထွက်လူစာရင်းမှာ ရိုဘို၊ မာနေး၊ ဆာလာတို့ မပါဝင်ခဲ့ခြင်းအပေါ် ယာဂင်က ရှင်းပြရာမှာ “ ရိုဘိုက ဖျားနေပါတယ်။ နောက်ဆုံးတော့ သူထိသွားပါပြီ ” လို့ ဆိုခဲ့တယ်။ ရိုဘိုဟာ ကိုဗစ်ကူးစက်ခံရလို့ အနားယူရတော့မှာဖြစ်ကာ နိုင်ငံတကာ သီတင်းပတ်မှာ လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းနိုင်တော့မှာ မဟုတ်ပါဘူး။

လီဗာပူးအသင်းမှာ ညာအစွန်လူ ထရန့်က တံကောက်ကြောကြောင့် နိုင်ငံတကာ သီတင်းပတ်ကို လွဲမှာဖြစ်ပြီး အခု ရိုဘိုပါ လွဲတော့မှာပါ။ သူတို့ နှစ်ဦးဟာ နိုင်ငံတကာသီတင်းပတ်အပြီး ပထမဆုံး ယှဉ်ပြိုင်ရမယ့် ဝတ်ဖိုဒ့်နဲ့ပွဲမှာ ပါဝင်နိုင်မလားကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဆက်ပြီး ပြောဆိုတာက “ ဘရိုက်တန်ပွဲတုန်းက ခြေထောက် ဒဏ်ရာကို မို ပြန်ခံစားနေရပါတယ်။ ဒဏ်ရာက မပြင်းထန်ပါဘူး။ ဒါပေမယ့်လို့ ဒဏ်ရာက နည်းနည်းနာကျင်နေတယ်ဆိုရင် ဒီလိုပွဲမှာ ပါဝင်ခွင့်ရမှာ မဟုတ်တာတော့ ရှင်းပါတယ်။ သူ ပါဝင်ပေးဖို့ အခွင့်အရေး မရှိခဲ့ပါဘူး။

နောက်ပြီး ဒီပွဲအတွက် ဆာဒီယိုကို ဘာလို့ မသုံးတာလဲကတော့ ရှင်းပါတယ်။ အာဖရိကမှာ သိပ်ကြီးတဲ့ ပွဲကြီးတစ်ပွဲ ရှိနေတာကြောင့်ပါ။ ကျနော် နှစ်ခါတော့ နားလည်မှုလွဲတဲ့ ကိစ္စတွေကြောင့် ယိုးစွပ်ခံရတာမျိုး အလိုမရှိပါဘူး။

အခြား ကစားသမားတွေက ရွေးလို့ မရတာကြောင့်ပါ။ မိုက ရွေးလို့ မရတာကြောင့်ဖြစ်ပြီး ဆာဒီယို တစ်ယောက်ပဲ ရွေးလို့ ရပေမယ့် တမင် ချန်လှပ်ခဲ့တာပါ ” လို့ ယာဂင်က ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

အာဖရိကဖလားပြိုင်ပွဲတုန်းက ဂျာမာန်သား ကလော့ပ်ရဲ့ အင်္ဂလိပ်အပြောဟာ အာဖရိကဖလားကို စော်ကားတယ်ဆိုပြီး ယိုးစွပ်ခံခဲ့ရပါတယ်။ နိုင်ငံတကာ သီတင်းပတ်မှာ ဆီနီဂေါနဲ့ အီဂျစ်တို့ ထိပ်တိုက်တွေ့နေခြင်းကြောင့် ဆာလာနားပြီး မာနေး ပွဲထွက်မယ်ဆိုရင် ဝေဖန်သံတွေ ထွက်လာနိုင်တာကြောင့် ကလော့ပ်က အနားပေးဖို့ကို ရွေးချယ်သွားတာ ဖြစ်ပါတယယ်။