ပွဲစဉ်ဇယား ပြဿနာကြောင့် ပြိုင်ပွဲ တစ်ခုခုကို ဦးစားပေးအဖြစ် ရွေးချယ်ရနိုင်ကြောင်း ကလော့ပ် အသိပေး

လီဗာပူးဟာ ဒီရာသီမှာ သမိုင်းဝင် ဖလားလေးလုံး အောင်မြင်မှုအတွက် ပြိုင်ဆိုင်ဖို့ မျှော်လင့်ခွင့်ရှိနေတဲ့ တစ်သင်းတည်းသော အင်္ဂလန်ကလပ်ဖြစ်ပေမယ့် ဘောလုံးပြက္ခဒိန် အနေအထားအရ အဲ့လို လုပ်နိုင်ဖို့ ခက်ခဲတယ်လို့ ကလော့ပ်က ပြောဆိုပါတယ်။

လီဗာပူးဟာ အာဆင်နယ်ကို ၂-၀ နဲ့ အနိုင်ရခဲ့ပြီး ရာသီကုန်ဖို့ ၉ ပွဲကျန်ချိန်မှာ ဇယားထိပ်က မန်စီးတီးနဲ့ တစ်မှတ်သာ ကွာဟတော့တာဖြစ်တယ်။ ဒီနေ့ည အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ နော်တင်ဟမ် ဖောရတ်စ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဧပြီလ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာလည်း ဘင်ဖီကာနဲ့ မဲကျခဲ့တာ ဖြစ်ပါတယ်။

ကလော့ပ်ရဲ့အသင်းဟာ ဖလားလေးလုံး အောင်မြင်မှု လမ်းကြောင်းပေါ်မှာ ရှိနေသေးတာ ဖြစ်ပေမယ့် လာမယ့်လတွေမှာ လီဗာပူးရဲ့ ပွဲစဉ်ဇယားတွေက ဒီရာသီမှာ ဆုဖလားလေးလုံး ဆိုတဲ့ သမိုင်းဝင်အောင်မြင်မှုအတွက် ကြိုးပမ်းဖို့ အတားအဆီး ဖြစ်နေလိမ့်မယ်လို့ ကလော့ပ်က ဆိုပါတယ်။

“ ကျွန်တော်လုပ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက နောက်ပွဲကို အာရုံစိုက်ထားဖို့ပဲ။ ဖလားလေးလုံးအကြောင်းတွေ ဘာတွေ စဉ်းစားဖို့ နေရာမရှိပါဘူး။ အဲ့လိုလုပ်ဖို့လည်း မလိုပါဘူး။

ဖလားလေးလုံး အောင်မြင်ဖို့ဆိုရင် အခုချိန်ကနေစပြီး ၁၈ ပွဲလောက် ကစားရနိုင်တယ်ဆိုပြီး တစ်ယောက်ယောက်က ကျွန်တော့်ကို ပြောခဲ့ပါတယ်။ အဲ့ပွဲတွေအားလုံးကို ဘယ်နေရာမှာ အံဝင်ခွင်ကျ ထားမလဲဆိုတာ ကျွန်တော် မစဉ်းစားတတ်ဘူး။ သိကို မသိတာပါ။ မေ ၂၂ ရက်နေ့ ပြီးလို့ တစ်ပတ်လောက်ကြာရင် ချန်ပီယံလိဂ်ဖိုင်နယ် ရောက်လာမှာပါ။

အဲ့ဒီ့ ၁၈ ပွဲလုံးက ဘယ်လိုကစားရမှာလဲ။ ရာသီကုန် ပရီးမီးယားလိဂ်ပွဲ မတိုင်ခင် အပတ်မှာ အက်ဖ်အေဖလား ဖိုင်နယ်ရှိမယ်။ ပရီးမီးယားလိဂ်ပွဲပြီး တစ်ပတ်ကြာရင်က ချန်ပီယံလိဂ် ဖိုင်နယ်ရှိနေမယ်။ ဒါကြောင့် ပွဲစဉ်တွေကို ပြန်စီစဉ်ရပါမယ်။

ဘောလုံးပြက္ခဒိန်က အသင်းတစ်သင်းတည်းကပဲ ပြိုင်ပွဲတိုင်းမှာ အောင်မြင်မှုရစေဖို့ လုပ်ထားတာ မဟုတ်ပါဘူး။ ဒါကြောင့် တချိန်မှာ ဆုံးဖြတ်ချက် ချရတော့မယ်။ ဒီပြိုင်ပွဲကို အာရုံစိုက်မလား။ ဟိုပြိုင်ပွဲကို အာရုံစိုက်မလားဆိုတာမျိုးပေါ့ ” လို့ ကလော့ပ်က ဆိုခဲ့တယ်။

နိုင်ငံတကာ သီတင်းပတ်ပြီးလို့ ပွဲတွေပြန်စတဲ့အခါ ကလော့ပ်ရဲ့အသင်းဟာ ဝက်ဖို့ဒ်နဲ့ အစောပိုင်းပွဲကို ရင်ဆိုင်ရဖို့ရှိနေတာကြောင့် မန်စီးတီးပွဲ မတိုင်ခင် ဇယားထိပ်တက်ဖို့ အခွင့်အရေး ရှိနေပါတယ်။ ဒါပေမယ့် စိတ်လျော့လိုက်တာနဲ့ ဖလားပြိုင်ပွဲတစ်ခုကနေ လွင့်ထွက်သွားဖို့က ခပ်လွယ်လွယ်ပဲလို့ လီဗာပူးနည်းပြက ပြောပါတယ်။

“ ကျွန်တော်တို့ အများကြီးမဟုတ်ပဲ နည်းနည်းလေး အားထုတ်မှု လျော့လိုက်တာနဲ့ သွားပြီပဲ။ ပြိုင်ပွဲသုံးခု၊ ‘နောက်မှတွေ့ကြတာပေါ့’ ‘အခွင့်မရေးမရှိတော့ဘူး’ ဆိုပြီး ဖြစ်သွားပါလိမ့်မယ်။ ‘အက်ဖ်အေဖလားက နည်းနည်း သက်သာရာ ရတာပဲလို့ တွေးလိုက်တာနဲ့ ပြဿနာတစ်ခု ဖြစ်စေမှာပါ ” လို့ ကလော့ပ်က ဆိုသွားခဲ့ပါတယ်။