ဒဏ်ရာက ပြန်သက်သာလာပြီးနောက် အယ်လီယော့ ပွဲကစားခွင့် နည်းပါးနေခြင်းကို ကလော့ပ် ဖြေရှင်းချက်ပေး

ဟာဗေး အယ်လီးယော့ဟာ ဒဏ်ရာကနေ ပြန်သက်သာလာတဲ့နောက် ပွဲထွက်ကစားခွင့်တွေ ုန်းကန်နေရတဲ့ အခြေအနေအတွက် မန်နေဂျာကလော့ပ်က ဖြေရှင်းချက် ပေးလာခဲ့ပါတယ်။

ဒီရာသီစမှာ လီဗာပူးအတွက် ဆက်တိုက် ပွဲထွက်ခွင့်တွေ ရနေခဲ့ပေမယ့်လို့ လိဒ်ယူနိုက်တက်ကို ရင်ဆိုင်တဲ့ပွဲမှာ ခြေကျင်းဝတ် ဒဏ်ရာရခဲ့တဲ့ ဟာဗေးဟာ ပထမရာသီဝက် တစ်ခုလုံးကို ဒဏ်ရာကြောင့် အနားယူခဲ့ရသူဖြစ်တယ်။ ဖေဖော်ဝါရီမှာတော့ သူက ဒဏ်ရာကနေ ပြန်သက်သာလာခဲ့ပါတယ်။

ဒဏ်ရာက ပြန်သက်သာလာတဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း အယ်လီးယော့က လီဗာပူးအသင်းအတွက် အင်တာမီလန်နဲ့ ချန်ပီယံလိဂ်ပွဲ တစ်ပွဲတည်းကိုပဲ ပွဲထွက်လူစာရင်းကနေ ကစားခဲ့ရတယ်။ အခြားသော ပွဲစဉ် ၄ ပွဲမှာတော့ လူစားဝင် ကစားသမားအဖြစ် ကစားခွင့် ရထားပါတယ်။

ဟာဗေး အယ်လီးယော့အတွက် ပွဲကစားချိန် နည်းပါးစွာပဲ ပေးနိုင်တဲ့ အခြေအနေအတွက် မေးခံရချိန်မှာ ကလော့ပ်က အခုလို ပြန်ဖြေခဲ့ပါတယ်။

” ရိုးရိုးသားသား ပြောရရင် ဟာဗေးအတွက် အကောင်းဆုံး ကိုင်တွယ်မှုတွေ လုပ်မပေးထားနိုင်ပါဘူး။ နေရာပြိုင်ဆိုင်မှုလို ကိစ္စတွေအတွက်ပေါ့။ သူက ကာလရှည် အနားယူနေခဲ့ပြီး ပြန်ကစားလာနိုင်ချိန်မှာ ချက်ခြင်း သူ့ကို ပွဲထွက်နေရာအတွက် ကြည့်ပေးရဖို့က မဖြစ်နိုင်ပါဘူး။

ဒါပေမယ့် ဖြေးဖြေးချင်းတော့ ကိစ္စတွေအားလုံးက အဆင်ပြေလာမှာပါ။ ဒါက ပုံမှန် အခြေအနေပါပဲ။ ကိစ္စအားလုံး အဆင်ပြေတယ်။ သူက ကောင်းကောင်းလေ့ကျင့်နေတယ်၊ ကိစ္စအားလုံး အဆင်ပြေပါတယ် ” လို့ ယာဂင်ကလော့ပ်က ပြောပြသွားခဲ့တယ်။

အသက် ၁၈ နှစ်အရွယ် ကွင်းလယ်လူဟာ ပွဲထွက်ခွင့်အတွက် ဆက်လက် ကြိုးစားနေဆဲဖြစ်ပြီး ဖောရက်စ်နဲ့ ယှဉ်ပြိုင်ရမယ့် အက်ဖ်အေဖလားပွဲမှာ ပါဝင်ခွင့်ရမယ်လို့ ခန့်မှန်းရတာ ဖြစ်ပါတယ်။