မာနေးအပေါ် ဒိုင်တွေ အမြဲတမ်း မျက်ကွယ်ပြုနေကြတာကို ဖြေရှင်းပေးဖို့ ကလော့ပ် တောင်းဆို

ဒီရာသီ ဆာဒီယို မာနေး ပြစ်ဒဏ်ကျူးလွန်ခံရရင် ဖရီးကစ်တွေ မရတဲ့အပေါ် စိတ်ပျက်မိကြောင်း လီဗာပူး နည်းပြ ယာဂန်ကလော့ပ်က ဖွင့်ဟခဲ့ပါတယ်။ ဒီကာလတွေမှာ နိုင်ပွဲတွေရခဲ့ပေမယ့် မာနေးတစ်ယောက် လုံလောက်တဲ့ ကာကွယ်မှု မရခဲ့ဘူးလို့ ခံစားရတဲ့အပေါ် ကလော့ပ်က သူ့ရဲ့ စိတ်ပျက်မှုကို ပြောပြခဲ့ပါတယ်။

အာဆင်နယ်ကို ၂-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ မာနေးကို ပြစ်ဒဏ် ကျူးလွန်စဉ် ကွင်းလယ်ဒိုင်က မျက်ကွယ်ပြုခဲ့ခြင်းကြောင့် ကလော့ပ်က ဒေါသထွက်ကာ စတုတ္ထဒိုင်ကို စောဒက တက်ခဲ့သေးတာဖြစ်ပါတယ်။ အခြားသော ပွဲတွေမှာလည်း မာနေးကို တူညီတဲ့ အနေအထားတွေနဲ့ ဆက်ဆံနေကြတယ်လို့ ကလော့ပ်က မြင်ပါတယ်။

“ ဆာဒီယိုမာနေးရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကျွန်တော် စိတ်ပျက်မိတယ်။ ကစားသမား တစ်ယောက်ကို သူတို့ လုပ်ချင်သလို လုပ်လို့ရနေခဲ့တာကို လျစ်လျူရှုထားတာကို ကျွန်တော် တကယ် စိတ်ပျက်တယ်။ ပြိုင်ဘက်တွေက မာနေးအပေါ် ပြစ်ဒဏ် ကျူးလွန်ခဲ့ကြပေမယ့် မာနေးက ပြစ်ဒဏ်ဘော တစ်လုံးမှ မရခဲ့ဘူး။ ကျွန်တော် ပြောချင်တာအဲ့ဒါပဲ။

အဲ့ဒါက ပွဲနဲ့တော့ မဆိုင်ပါဘူး။ ဒါပေမယ့် ဆာဒီယိုက ဘာလို့ ဖရီးကစ်တွေ မရလဲဆိုတာကို တစ်ယောက်ယောက် ရှင်းပြစေချင်ပါတယ်။ မာနေးက ဒိုင်ဗင်ပစ်တဲ့သူတစ်ယောက်လည်း မဟုတ်ပါဘူး။ သူ့အကြောင်းကို သူများတွေထက် ကျွန်တော် ပိုသိတယ်။ သူက အဲ့လိုလူမျိုး မဟုတ်ဘူး။

သူပြစ်ဒဏ်ဘောတွေရရင်တောင် အဲ့ဒါက ရှင်းလင်းတဲ့ ပြစ်ဒဏ်ကျူးလွန်ခံရမှုတွေကနေ ရနေတာမဟုတ်ဘူး။ တကယ် သိသာတဲ့ ပြစ်ဒဏ်ကျူးလွန်မှုတွေ ခံရရင် သူ ဘယ်တော့မှာ ဖရီးကစ် မရဘူး။ အဲ့ဒါကို ကျွန်တော် သဘောမကျတာပဲ”လို့ ကလော့ပ်က ပြောပါတယ်။