ထရန့် မရှိချိန် ပိုကြီးမားတဲ့ တာဝန်တွေနဲ့အတူ ရိုဘို အားထုတ်ပေးလာမယ်လို့ ယာဂင် ပြော

ညာအစွန်လူ ထရန့် မရှိချိန်မှာ အန်ဒီ ရော်ဘတ်ဆန်ဟာ လီဗာပူးအတွက် ပိုကြီးမားတဲ့ တာဝန်တွေ ယူရဖို့ရှိသလို ဘယ်အစွန်လူဟာ အသင်းအတွက် ပေးဆပ်ဖို့ စိတ်အားထက်သန်နေကြောင်း နည်းပြ ယာဂင်ကလော့ပ်က ဆိုပါတယ်။

ဒီရာသီမှာ ကိုယ်တိုင် သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးထောက်ပံ့မှု ၁၆ ကြိမ် ရရှိထားတဲ့ လီဗာပူးရဲ့ ညာအစွန်လူဟာ တံကောက်ကြော ဒဏ်ရာကြောင့် ရက်သတ္တပတ် အနည်းငယ် အနားယူရတော့မှာပါ။ ဒါကြောင့် ဘယ်အစွန်နေရာက ရော်ဘတ်ဆန်အပေါ် တာဝန်တွေ ပိုပိသွားစေမှာ ဖြစ်ပါတယ်။

ရော်ဘတ်ဆန်ဟာ အာဆင်နယ်နဲ့ပွဲမှာ အကောင်းဆုံးကစားသမားဆု ရခဲ့ပြီး ဖာမင်နိုရဲ့ အရေးပါတဲ့ ဒုတိယဂိုးကို ဖန်တီးပေးခဲ့သေးတာ ဖြစ်ပါတယ်။ ခံစစ်ရဲ့ ညာခြမ်းကို ကွင်းလယ်လူ ဂျိမ်းစ်မီနာ၊ ဗဟိုနောက်ခံလူ ဂျိုးဂိုမက် ဒါမှမဟုတ် လူငယ်ကစားသမား ဘရတ်ဒလေတို့ထဲက တစ်ယောက်က ပွဲထွက်လာဖွယ်ရှိပြီး ရောဘတ်ဆန်ရဲ့ နေရာက ပိုပြီး အရေးပါလာခဲ့ပါတယ်။

“ ဒါက ရော်ဘိုအတွက် ကစားသမားတစ်ယောက် အနေနဲ့ရော လူတစ်ယောက် အနေနဲ့ပါ ပြီးပြည့်စုံတဲ့ တာဝန်ယူနိုင်မှုပါပဲ။ သူက အသင်းအတွက် စိတ်အားထက်ထက်သန်သန်နဲ့ ပေးဆပ်ချင်တာ၊ အားထုတ် ကြိုးပမ်းပေးချင်တာပါ။

သူနဲ့ ထရန့်က ဂိုးတွေအများကြီး ဖန်တီးပေးပေမယ့် အဆုံးအဖြတ် အခိုက်အတန့်တွေမှာ တိုးတက်ဖို့ နေရာလွတ်တွေ ရှိနေပါသေးတယ်။ အာဆင်နယ်နဲ့ပွဲက ဂိုးက အချိန်အတော်ကြာအတွင်း ကျွန်တော်တို့ရဲ့ စိတ်ကြိုက်ဂိုးတစ်ဂိုး ဖြစ်ခဲ့ပါတယ်။ ပထမဆုံး ဖိအားပေးပြီး ကျွန်တော်တို့ ဘောလုံး ပိုင်ဆိုင်မှုပြန်ယူတယ်။ ပြီးတော့ ရော်ဘိုက ဘော်ဘီ အဆင်သင့် ဖြစ်တဲ့အထိ ဖြတ်တင်ဘောနဲ့ စောင့်နေတာပါ။

အဆုံးသတ်မှာ အဲ့ဒါက မယုံနိုင်စရာကောင်းတဲ့ ပေးပို့မှုတစ်ခု ဖြစ်ခဲ့ပြီး ဘော်ဘီက ရမ်စ်ဒေးကို ကျော်ဖြတ်ပြီး အဆုံးသတ်ခဲ့ရတယ်။ ဟုတ်ပါတယ်။ တကယ်ကို ကောင်းတဲ့ ပွဲတစ်ပွဲကို ကစားခဲ့ရတာပါ။ ဒါက ပထမဆုံးအကြိမ် မဟုတ်သလို နောက်ဆုံး မဖြစ်ဖို့ မျှော်လင့်ပါတယ် ” လို့ ကလော့ပ်က ဆိုပါတယ်။

ဆီမီကက်စ်က အဖျားဝေဒနာရတာနဲ့အတူ ရော်ဘတ်ဆန်ဟာ တနင်္ဂနွေနေ့ နော်တင်ဟမ် ဖောရတ်စ်နဲ့ အက်ဖ်အေဖလား ကွားတားဖိုင်နယ်မှာ ဒီရာသီမှာ သူ့ရဲ့ ၃၄ ပွဲမြောက် ပွဲကို ကစားရနိုင်ဖွယ် ရှိပါတယ်။