ပရီးမီးယားလိဂ် ဂန္တဝင်ကြီးတွေထက် သာလွန်နေတဲ့ အယ်လီဆန်ရဲ့ ဂိုးကာကွယ်မှု မှတ်တမ်း

အယ်လီဆန်ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ဦးအဖြစ် ထူးချွန်ပြနေပြီး မကြာခင်မှာ သူနဲ့ ထိုက်တန်တဲ့ အသိအမှတ်ပြုခံရမှုတွေကို ပြန်လည်ရလာတော့မယ်လို့ ယုံကြည်ခံလာရပါတယ်။

၂၀၁၈ နွေတုန်းက ကီပါ မတိုင်ခင် ကမ္ဘာစံချိန်တင် ဂိုးသမားအဖြစ် ရိုးမားကနေ လီဗာပူးကို ပြောင်းလာခဲ့တဲ့ အယ်လီဆန်ဟာ ဂိုးပေါက် ကာကွယ်ရာမှာ ထူးချွန်သလို နည်းစနစ်ပိုင်းအရလည်း အတော်လေး အကျိုးဖြစ်သူပါ။ ဒါပေမယ့် အခြားသော ဂိုးသမားတွေဖြစ်တဲ့ မန်ဒီ၊ အီဒါဆန်လောက် အသိအမှတ်ပြု မခံရဘူးလို့လည်း ထောက်ပြမှုတွေ ရှိပါတယ်။

၂၀၁၈ မှာ လီဗာပူးအသင်းကို ရောက်လာပြီးတည်းက အယ်လီဆန်ရဲ့ clean sheet ရယူနိုင်စွမ်းက ၄၇% တောင်ရှိပါတယ်။ ဒီမှတ်တမ်းက ဘယ်လောက်ကောင်းလဲဆိုတာ နှိုင်းယှဉ်ပြရရင် ပရီးမီးယားလိဂ် ဂန္တဝင်တစ်ဦးဖြစ်တဲ့ ယူနိုက်တက်၊ မန်စီးတီး ဂိုးသမားဟောင်း ရှမိုက်ကယ်ရဲ့ ကစားသမားဘဝ clean sheet ရယူနိုင်စွမ်း ၄၁% ထက် ပိုကောင်းပါတယ်။

ချယ်ဆီးနဲ့ အာဆင်နယ် အကျော်အမော်ဟောင်း ပီတာချက်ရဲ့ clean sheet ရနှုန်း ၄၅.၆% ထက်လည်း ပိုကောင်းပါတယ်။ အယ်လီဆန်ထက် clean sheet ကာကွယ်နှုန်း ပိုကောင်းတာဆိုလို့ ၁၇၃ ပွဲမှာ ၈၇ ပွဲ clean sheet ရပြီး ၅၀% ထိ ကာကွယ်ထားနိုင်တဲ့ အီဒါဆန် တစ်ဦးပဲ ရှိပါတယ်။

အယ်လီဆန်ဟာ ဒီရာသီမှာလည်း ပြိုင်ဘက်တွေရဲ့ ကန်ချက်တွေကို ကာကွယ်ရာမှာ အမြင့်ဆုံး လုပ်နိုင်တဲ့ ဂိုးသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။ ပေးဂိုးအရဆိုရင်လည်း ဒီရာသီ ပရီးမီးယားလိဂ်မှာ မန်စီးတီးက ခံစစ်ပေးဂိုး ၁၈ ဂိုး၊ ချယ်ဆီးက ခံစစ်ပေးဂိုး ၁၉ ဂိုးနဲ့ လီဗာပူးက ခံစစ်ပေးဂိုး ၂၀ ဂိုးဖြစ်ပါတယ်။

အယ်လီဆန်နဲ့ ပတ်သက်လို့ ချီးကျူးမှုတွေ နည်းပါးခြင်းရဲ့ အဓိက အကြောင်းရင်းထဲမှာ သူ့ရဲ့ ဒဏ်ရာမှတ်တမ်းကြောင့် ပါဝင်ပါလိမ့်မယ်။ လီဗာပူးအမှတ်ပေးဖလားရတဲ့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ အယ်လီဆန်က ၉ ပွဲ လွဲချော်ခဲ့တယ်။ မနှစ်တုန်းကလည်း ဖခင်ဖြစ်သူ မတော်တဆ ရေနစ်ကွယ်လွန်မှုနဲ့အတူ သူ့ရဲ့ စွမ်းဆောင်ရည် ကျဆင်းခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် ဂိုးသမားဟာ လီဗာပူးအသင်းနဲ့ ၂၀၂၇ ခုနှစ်ထိ စာချုပ်ရှိနေတာဖြစ်ပြီး ဒီရာသီမှာတော့ အယ်လီဆန်ဟာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကောင်းဆုံး အခြေအနေတွေနဲ့အတူ ပုံမှန်လက်စွမ်း ပြန်ရနေကာ ဆုဖလားတွေအတွက် လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတဲ့ အသင်းကို အကောင်းဆုံး အကျိုးပြုနေခဲ့ပါပြီ။