ပရီးမီးယားလိဂ်က သူတို့လက်ထဲမှာပဲ ရှိနေသေးတယ်လို့ လေတိုက်လာတဲ့ ဂွာဒီယိုလာ

မန်စီးတီးနည်းပြ ဂွာဒီယိုလာက ပရီးမီးယားလိဂ်ဖလား ပြိုင်ဆိုင်မှုဟာ မန်စီးတီးရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိနေသေးဆဲဖြစ်ကြောင်း လီဗာပူးကို သတင်းပေးစကား ပေးပို့လာပါတယ်။

လီဗာပူးအသင်းဟာ ဇန်နဝါရီကစလို့ အံ့မခန်းတဲ့ ပြန်လာမှုကို လုပ်ပြခဲ့ပြီး မန်စီးတီးနဲ့ ၁၄ မှတ် ကွာဟမှုကို ၁ မှတ်အကွာထိ လျော့ချနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒီကာလတွေမှာ ကာရာဘောင်းဖလားကို အနိုင်သိမ်းခဲ့ကာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်၊ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တို့ကိုလည်း ရောက်ရှိနေခဲ့ပြီဖြစ်တယ်။

ပရီးမီးယားလိဂ် လက်ကျန် ၉ ပွဲ ကစားဖို့ ကျန်ရှိနေချိန်မှာ လီဗာပူးက ၉ ပွဲလုံး အနိုင်ရရင် ချန်ပီယံဖြစ်ဖို့ သေချာမှာဖြစ်ပြီး မန်စီးတီးက လီဗာပူးနဲ့ပွဲကို သရေကျကာ ကျန် ၈ ပွဲကို အနိုင်ရရင် ချန်ပီယံဖြစ်ဖို့ ရှိနေပါတယ်။ ဒါကြောင့်ပဲ ဧပရယ်လ ၁၀ ရက်နေ့ အီသီဟက်မှာ ယှဉ်ပြိုင်ရမယ့်ပွဲက လီဗာပူးပရိသတ်တွေ အရမ်းကို မျှော်လင့်ကြရမယ့် ရက်စွဲတစ်ခု ဖြစ်လာခဲ့ပါတယ်။

ကုန်ခဲ့တဲ့ ၄ ရာသီအတွင်း အမှတ်ပေးဖလား ၃ ကြိမ် အနိုင်ခဲ့တဲ့ မန်စီးတီးရဲ့ နည်းပြ ဂွာဒီယိုလာကတော့ နိုင်ငံတကာသီတင်းပတ် မဝင်ခင်မှာပဲ လီဗာပူးကို စကားစစ်ထိုးမှု စတင်သွားခဲ့တယ်။ သူကတော့ လိဂ်ဟာ သူတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေဆဲလို့ ဆိုခဲ့ပါတယ်။

ဂွာဒီယိုလာက ” ကျနော်တို့က အမှတ်ပေးဇယား ထိပ်ဆုံးက အသင်းအဖြစ် နောက်ထပ် ၁၄ ရက်လောက် အိပ်နေဦးမှာပဲ။ နိုင်ငံတကာ သီတင်းပတ် ပြီးတဲ့အခါ ပရီးမီးယားလိဂ်ပွဲ ၉ ပွဲကို ယှဉ်ပြိုင်ကစားရမယ်။ ကျနော်တို့ ဘာလုပ်မလဲဆိုတာကို အားလုံးလဲ သိမယ်ထင်ပါတယ်။

လီဗာပူးနဲ့ ရင်ဆိုင်ရမယ့်ပွဲ ရှိနေမှာဖြစ်ပြီး သိပ်ကိုကောင်းတဲ့ စိန်ခေါ်မှုပါပဲ။ ဘန်လေနဲ့ စတင်ပြီး ၉ ပွဲ ကစားရမယ်။ အခုချိန်မှာ ကျနေ်ာတို့က ပရီးမီးယားလိဂ်ကို ဦးဆောင်ထားတယ်။ ပရီးမီးယားလိဂ်ကို ကျနော်တို့ အနိုင်ရမလားဆိုတာ မသိပေမယ့်လို့ အခွင့်အရေးက ကျနော်တို့ လက်ထဲမှာပဲ ရှိနေပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ယာဂင်ကတော့ အသင်းကို ပြင်းပြတဲ့ စိတ်ဓါတ်နဲ့ အာရုံစူးစိုက်မှုကို ထိန်းသိမ်းထားဖို့ အသိပေးထားတယ်။ ရောက်လာတဲ့ ပွဲစဉ်တိုင်းကို အကောင်းဆုံး ယှဉ်ပြိုင်ရမှာဖြစ်ပြီး အခုချိန်မှာတော့ ဗိုလ်လုပွဲ ၉ ပွဲအစား တစ်ပွဲချင်းကိုပဲ အပြည့်အဝ အားထုတ်ယှဉ်ပြိုင်ရေး ပစ်မှတ်ထားနေရမှာ ဖြစ်ပါတယ်။