အခက်ခဲဆုံး ဘောလုံးကွင်းနှစ်ကွင်းမှာ အန်ဖီးကို ထည့်သွင်းခဲ့တဲ့ ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာ

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာက သူသွားရောက် ယှဉ်ပြိုင် ကစားရသမျှထဲက အခက်ဆုံး အဝေးကွင်းထဲမှာ လီဗာပူးအိမ်ကွင်း အန်ဖီးကွင်းကို ထည့်သွင်းခဲ့ပါတယ်။

FootballJoe ရဲ့ ယူကျူ့ အင်တာဗျူးမှာ “ သွားကစားခဲ့သမျှထဲ ကစားရ အခက်ခဲဆုံးနဲ့ တိုက်ခိုက်လိုစိတ် အရှိဆုံး အသိုင်းအဝိုင်း?” ကို မေးခံရချိန် ပေါ့ဘာက “ အဲ့လို နှစ်နေရာရှိတယ်ဗျ။ ခင်ဗျားပြောတာ ဘောလုံးကွင်းတွေကို ပြောချင်တာ မဟုတ်လား? အိုကေ လီဗာပူးရဲ့ အန်ဖီးကွင်းနဲ့ နောက်ပြီး ဒေါ့မွန်ကွင်းတို့ပါပဲ ” ဆိုပြီး ဖြေခဲ့တယ်။

အန်ဖီးကွင်းထဲက အိမ်ကွင်းပရိသတ်တွေဟာ အသင်းကို အားပေးထောက်ခံမှုတွေမှာ နာမည်ကောင်းဖြင့် ကျော်ကြားကြသူတွေ ဖြစ်ပါတယ်။ အနီရောင်တွေဟာ လီဗာပူးရဲ့ ၁၂ ယောက်မြောက် ကစားသမားတွေအဖြစ်လည်း လူသိများလှတယ်။

အန်ဖီးကွင်းမှာ သွားကစားရတာ ပျော်ရွှင်ဖွယ် ကိစ္စ မဟုတ်ကြောင်းကို ရွိုင်ကိန်းကလည်း ” ပရိသတ်တစ်ယောက်ယောက်က ဂိုးသွင်းတာ သို့မဟုတ် ဖျက်ထုတ်မှု လုပ်တာမျိုးတော့ ခင်ဗျား မြင်ရ ကြားရမှာ မဟုတ်ဘူးပေါ့ဗျာ။ ဒါပေမယ့် သူတို့ ပရိသတ်တွေက သူတို့အသင်းအတွက်ကော ပြိုင်ဘက်အပေါ်မှာပါ ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိကြသူတွေပါ။

အန်ဖီးကွင်းက သွားရောက် ယှဉ်ပြိုင်ကစားပြီး ရလဒ်တစ်ခု ရယူပြီး ပြန်လာဖို့ အရမ်းကို ခက်ခဲတဲ့ နေရာဆိုတာကို ကျနော်ရဲ့ အတွေ့အကြုံအရ ပြောပြနိုင်ပါတယ် ” လို့ အခြားသော ဘောလုံး အစီအစဉ်ကနေ ပြောဆိုခဲ့သေးတာဖြစ်ပါတယ်။

ဧပရယ်လ ၁၉ ရက်နေ့မှာတော့ လီဗာပူးနဲ့ ယူနိုက်တက်တို့ဟာ အန်ဖီးကွင်းမှာ ထိပ်တိုက်တွေ့ဖို့ ရှိနေသေးတာဖြစ်တယ်။ အဆိုပါ တွေ့ဆုံမှုဟာ လီဗာပူးရဲ့ ပရီးမီးယားလိဂ်ဖလား ပြိုင်ဆိုင်မှုအတွက်ကော ယူနိုက်တက်ရဲ့ အဆင့်လေးနေရာ ဝင်ခွင့်အတွက်ပါ အရေးပါလာဖို့ ရှိနေပါတယ်။