ကွာတားဖိုင်နယ်မှာ ဘင်ဖီကာနဲ့ ထိပ်တိုက်တွေ့တဲ့ လီဗာပူးရဲ့ ချန်ပီယံလိဂ် လမ်းကြောင်း

၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်နဲ့ ဆီးမီးဖိုင်နယ် အဆင့်တွေအတွက် မဲခွဲမှု ရလဒ်တွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

ယာဂင်ကလော့ပ်လက်ထက် ၄ ကြိမ်မြောက်အဖြစ် ကွာတားအဆင့်ကို တက်ရောက်လာတဲ့ လီဗာပူးအသင်းဟာ ပေါ်တူဂီကလပ် ဘင်ဖီကာနဲ့ ထိပ်တိုက်တွေ့နေကာ ပထမအကျော့ကို ပေါ်တူဂီမြေမှာ ကစားရမှာဖြစ်ပြီး ဒုတိယအကျော့ကို အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဘင်ဖီကာဟာ လီဗာပူးအသင်း ချန်ပီယံလိဂ် အုပ်စုအဆင့်မှာတုန်းက တွေ့ခဲ့တဲ့ ပေါ်တိုအသင်းနဲ့ လိဂ်တူကလပ်ဖြစ်ပါတယ်။ ၎င်းတို့ဟာ ပေါ်တိုဦးဆောင်နေတဲ့ ပေါ်တူဂီပြည်တွင်းလိဂ်မှာ တတိယနေရာက ရှိနေတဲ့အသင်းဖြစ်ပါတယ်။ ဒီအဆင့်မှာ အသင်းငယ်ဆိုတာ မရှိပေမယ့် ကွာတားအဆင့်မှာ တွေ့နိုင်တဲ့ ပြိုင်ဘက်တွေထဲက အားအနည်းဆုံးအသင်းကို လီဗာပူးအသင်း ရခဲ့တာဖြစ်ပါတယ်။

လီဗာပူးအတွက် သတင်းကောင်းတစ်ခုကတော့ မန်စီးတီးနဲ့ ပွဲကြီးပွဲကောင်းကစားရမယ့် ပရီးမီးယားလိဂ်ပွဲကြားမှာ ဘင်ဖီကာနဲ့ ယှဉ်ပြိုင်ရမှာပါ။ အခြားသော အသင်းတွေနဲ့စာရင် ဘင်ဖီကာနဲ့ တွေ့တာက ပရီးမီးယားလိဂ် ပြေးလမ်းအတွက်လည်း ထိခိုက်မှု နည်းစေမှာဖြစ်ပါတယ်။

Full Champions League quarter-final draw

  • Chelsea vs. Real Madrid
  • Man City vs. Atletico Madrid
  • Villarreal vs. Bayern Munich
  • Benfica vs. LIVERPOOL

ဆက်လက်ပြီး ဆီမီးဖိုင်နယ်အဆင့် ထိပ်တိုက်တွေ့မယ့် ကလပ်တွေကို မဲနိုက်ခဲ့ရာမှာတော့ လီဗာပူးအသင်းဟာ ဗီလာရီးရဲလ် vs ဘိုင်ယန်မြူးနစ်အတွဲက တက်လာမယ့် အသင်းနဲ့ ယှဉ်ပြိုင်ရမယ်လို့ မဲကျပါတယ်။ ပရိသတ်တွေကတော့ လီဗာပူးနဲ့ ဘိုင်ယန်မြူးနစ်တို့ ဆီမီးအဆင့်မှာ တွေ့ပြီး လီဗာပူးဗိုလ်လုပွဲတက်မှာကို အလိုရှိကြမှာပါ။

Full Champions League semi-final draw

  • Man City/Atletico Madrid vs. Chelsea/Real Madrid
  • Benfica/LIVERPOOL VS. Villarreal/Bayern Munich

အခြားတစ်ဘက်မှာ မန်စီးတီး vs အက်သလက်တီကိုအတွဲမှ တက်လာတဲ့ အသင်းနဲ့ ချယ်ဆီး vs ရီးရဲလ်မက်ဒရစ်အတွဲမှ တက်လာတဲ့ အသင်းတို့ဟာ ဆီးမီးဖိုင်နယ်မှာ ထိပ်တိုက်တွေ့မှာဖြစ်ပါတယ်။

၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲကိုတော့ မေလ ၂၈ ရက်နေမှာ ပြင်သစ်နိုင်ငံက ပြင်သစ်အမျိုးသားကွင်းကြီးမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။