လီဗာပူးရဲ့ ဘောလုံးရာသီကို တစ်ဆစ်ချိုး စေခဲ့တဲ့ အရှုံးမပေးကြရေး ဇန်နဝါရီ သဘောတူညီမှု

လီဗာပူးနည်းပြအဖွဲ့နဲ့ အသင်းသားတွေဟာ ဇန်နဝါရီမှာတုန်းက ကလပ်ရဲ့ အခြေအနေကို ပြန်လည် သုံးသပ်မှုနဲ့အတူ သဘောတူညီမှု တစ်ခုကို ရယူခဲ့ကြပါတယ်။

လီဗာပူးအသင်းဟာ ဇန်နဝါရီလ ၂ ရက်နေ့မှာ ချယ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး ၂ ဂိုးပြတ် အနိုင်ရနေပေမယ့်လို့ ခြေပဂိုးတွေ ပေးခဲ့ရကာ ၂-၂ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ အဆိုပါ ပွဲအပြီးမှာ ဆာလာ၊ မာနေးနဲ့ ကိတ်တာတို့ အာဖရိကပွဲ သွားကစားဖို့ ထွက်ခွာသွားခြင်းနဲ့အတူ အသင်းဟာ လက်ကျန် ဘောလုံးရာသီအတွက် သုံးသပ်မှုကို အဆိုပါကာလမှာပဲ လုပ်ဆောင်ခဲ့ကြတယ်။

ပွဲကျန် ၂ ပွဲ ရှိနေသေးပေမယ့်လို့ မန်စီးတီးနဲ့ ၁၄ မှတ်ထိ ကွာဟသွားတဲ့ အခြေအနေတွေကြောင့် အသင်းဟာ ဦးစားပေး အခြေအနေတွေကို ရွေးချယ်ခဲ့ရပြီး ခံစစ်ကို တိုးတက်လာအောင် လုပ်ရေးကို အဓိကအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ချယ်ဆီးနဲ့ သရေကျပြီး နောက်ပိုင်းမှာ ပရီးမီးယားလိဂ်ပွဲ ၉ ပွဲဆက်တိုက် အနိုင်ရခဲ့သလို ခံစစ်က ပေးဂိုး ၂ ဂိုးပဲ ရှိခဲ့ပါတယ်။

” ကျနော်တို့ကြားမှာ ရှင်းလင်းတဲ့ သဘောတူညီမှု ရယူခဲ့ကြတယ်။ ဇန်နဝါရီ အစောပိုင်းမှာ ပြန်လည် သုံးသပ်မှု လုပ်ခဲ့တယ်။ ကျနော်တို့တွေ ခံစစ်ကို ဦးစားပေးဖို့ကို ဆုံးဖြတ်ခဲ့ကြတယ်။ ဘာလို့လည်းဆိုတော့ ခံစစ်ကို ဦးစားမပေးရင် တချို့ပွဲတွေကို နိုင်ပေမယ့် အချို့ပွဲတွေကို ရှုံးသွားနိုင်ပါလိမ့်မယ် ” လို့ ပြောခဲ့ပါတယ်။

ချယ်ဆီးပွဲ မတိုင်ခင်မှာ လီဗာပူးအသင်းက တိုက်စစ်ပိုင်း ဦးစားပေး ကစားနေခဲ့ပြီး ပြိုင်ပွဲစုံ ၂၈ ပွဲမှာ သွင်းဂိုး ၃ ဂိုး အနည်းဆုံး သွင်းနိုင်တာက ၁၅ ပွဲ ရှိခဲ့တယ်။ ဒါပေမယ့်လို့ ဇန်နဝါရီ သုံးသပ်မှုအပြီး ခံစစ်ကို ဦးစားပေးဖို့ ဆုံးဖြတ်တဲ့နောက် ကစားခဲ့တဲ့ ၁၇ ပွဲမှာတော့ သွင်းဂိုး ၃ ဂိုးရတာ ၆ ပွဲပဲ ရှိပါတော့တယ်။

ခံစစ်ကို ပိုမို အာရုံစိုက်ခြင်းနဲ့အတူ ပထမရာသီဝက်မှာ ဆာလာက တောက်ပခဲ့ပေမယ့် ဇန်နဝါရီ နောက်ပိုင်းမှာ လီဗာပူူးရဲ့ အကောင်းဆုံး ကစားသမားက ဗန်ဒိုက် ဖြစ်လာခဲ့တယ်။ ဖေဖော်ဝါရီလမှာဆိုရင် တစ်လတာ အကောင်းဆုံးဆုတွေမှာ လီဗာပူးခံစစ်သမားတွေက ကြီးစိုးသွားခဲ့ပါတယ်။

” အာဆင်နယ်ကို ကျနော်တို့ ၂-၀ နဲ့ အနိုင်ရခဲ့တယ်ဆိုပေမယ့် ကျနော်တို့ ၁-၀ လောက်နဲ့ ပွဲကို နိုင်ခဲ့တာတွေ ရှိပါတယ်။ အကယ်လို့ ခံစစ်က မကောင်းဘူးဆိုရင် အဲ့ပွဲတွေကို ရှုံးသွားနိုင်ပါတယ်။ ခံစစ်လိုင်းက သိပ်ကို ကောင်းနေပါတယ်။ အယ်လီကလည်း ကျနော်တို့အတွက် ကာကွယ်ပေးနေပြီး အစွန်သမားတွေရဲ့ သက်ရောက်မှုကလည်း အံ့မခန်းပါပဲ ” လို့ ကလော့ပ်က ဆိုခဲ့တယ်။

လီဗာပူးနည်းပြအဖွဲ့ရဲ့ ၂၀၂၂ ခုနှစ် မှာ ပြိုင်ဘက်တွေကို မရှုံးရေး ခံစစ်ကို ဦးစားပေးဖို့ နည်းစနစ် သဘောတူညီချက်ဟာ အလုပ်ဖြစ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ မန်စီးတီးနဲ့ ၁၄ မှတ် ကွာဟမှုကနေ အခုချိန်မှာတော့ ၁ မှတ်အကွာကို ပြန်ရောက်နေခဲ့ပါပြီ။ နောက်ပြီး ဒီခံစစ်ကြောင့်ပဲ ရာသီကုန်မှာ ထူးရှယ်ဆိုတာတွေကို အောင်မြင်ဖို့ ဆက်လက် မျှော်လင့်နေရမှာ ဖြစ်ပါတယ်။