ဘာစီလိုနာရဲ့ Wonderkid ဂါဘီကို ခေါ်ယူဖို့ အားထုတ်နေတဲ့ ကလပ် (၅) သင်းထဲ လီဗာပူး ပါဝင်

ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ လီဗာပူး၊ ယူနိုက်တက်နဲ့ ချယ်ဆီးတို့ဟာ ဥရောပ ကြယ်ပွင့်အဖြစ် တောက်ပလာနေတဲ့ ဘာစီလိုနာ ကွင်းလယ်လူ ဂါဘီကို အပြိုင်ခေါ်ယူမယ့် ကလပ် ၅ သင်း စာရင်းမှာ ပါဝင်နေကြပါတယ်။

စပိန်သတင်းတွေက ဖော်ပြရာမှာ ပရီးမီးယားလိဂ်ကလပ် ၃ သင်းဟာ ဘာစီလိုနာကြယ်ပွင့်ကို နောက်ရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် အခြေအနေကို စောင့်ကြည့်နေကြတယ်လို့ ဆိုပါတယ်။ ဒီသုံးသင်းထဲမှာ ချယ်ဆီးကတော့ ဗြိတိန်အစိုးရရဲ့ ပိတ်ဆို့မှုတွေကြောင့် အပြောင်းအရွှေ့ ဝင်ရောက်ခွင့် သံသယရှိစရာ အခြေအနေကို ရင်ဆိုင်နေရတာဖြစ်တယ်။

အသက် ၁၇ နှစ်အရွယ် ကွင်းလယ်လူဟာ ဘာစီလိုနာနဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့ကို ဘေးဖယ်ထားဆဲဖြစ်တယ်လို့ စပိန်သတင်းရဲ့ ဖော်ပြမှုအရ သိရတယ်။ ဇွန်လ ၃၀ ရက်နေ့ မတိုင်ခင် သူ့ကို ခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင် ၄၂ သန်း ပေးရမှာဖြစ်ပြီး အဲ့နောက်ပိုင်းမှာတော့ ပြောင်းရွှေ့ကြေး ပေါင် ၈၄ သန်းထိ မြင့်တက်သွားမှာဖြစ်ပါတယ်။

ဂါဘီကို ခေါ်ယူရေး ချိတ်ဆက်လိုနေတဲ့ နောက်ထပ် နှစ်သင်းကတော့ ပီအက်စ်ဂျီနဲ့ ဘိုင်ယန်မြူးနစ်တို့ ဖြစ်ပါတယ်။ ဘာစီလိုနာ ဥက္ကဋ္ဌ လာပေါ်တာက ကလပ်ရဲ့ တန်ဖိုးကို သိနားလည်တဲ့ အကယ်ဒမီထွက်တွေကို စာချုပ်ချုပ်ခြင်းကြောင်းကို ‘ ဒီလို စာချုပ်သက်တမ်း တိုးမှုနဲ့အတူ ကစားသမားက ပြောစရာတွေ အများကြီး ရှိပါတယ်။

စာချုပ်သစ် သက်တမ်းတိုးတာတွေကို ကျနော် သဘောကျတယ်။ ဘာလို့လည်းဆိုတော့ ဒါက သူတို့ဟာ ဘာကာရဲ့ တန်ဖိုးကို သိနားလည်တယ်လို့ ဆိုလိုပါတယ်။ ကစားသမားတွေကို ဒီအကြောင်း ပြောပြပါတယ်။ သူတို့ ဘာကာမှာ ဆက်နေချင်ရင် သူတို့ဆက်နေပါလိမ့်မယ်။

အားကစားခရီးနယ်ပယ်မှာလည်း ကောင်းမွန်တဲ့ စာချုပ်နဲ့အတူ သူတို့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ကောင်းကောင်းအသိအမှတ်ပြု ခံရမယ်ဆိုတာ သူတို့ သိပါတယ်။ ဂါဘီအတွက် သက်တမ်းတိုးရေး သဘောတူညီမှုရဖို့ မျှော်လင့်ထားတယ်။ နှစ်ဘက် အဖွဲ့တွေ သဘောတူညီမှုရဖို့ မျှော်လင့်ပေမယ့် ကျနော်အတွက် ဦးစားပေးကတော့ ဘာကာပါပဲ’ လို့ ဆိုခဲ့ပါတယ်။

ဂါဘီဟာ အသက်ငယ်သေးပေမယ့် ဒီရာသီမှာ ပြိုင်ပွဲစုံ ၃၃ ပွဲထိ ပွဲထွက်ကစားခွင့် ရထားပါတယ်။ လီဗာပူးဘက်က သူ့ကို ဘယ်လို ခေါ်ယူဖို့ စိတ်ဝင်စားလဲဆိုတာ မသိနိုင်သေးပေမယ့် ကလပ်ဘက်က တစ်နှစ်လုပ်ခ ယူရို ၆ သန်းနဲ့ ကမ်းလှမ်းထားတယ်လို့လည်း ဘာကာသတင်းထောက်တွေဘက်က ဖော်ထုတ်ထားသေးတာ ဖြစ်ပါတယ်။