တိုက်စစ် ၅ ဦးကြား နေရာပြိုင်ဆိုင်မှု၊ ကမ္ဘာအဆင့် အယ်လီဆန်၊ စီးတီးကို ဖိအားပေးခြင်းနဲ့ အာဆင်နယ်နိုင်ပွဲအပြီး စကားစမြည်း ပြောစရာများ

ပြိုင်ဆိုင်မှု ပြင်းထန်လာတဲ့ တိုက်စစ်သမား ၅ ဦး

လီဗာပူးအသင်းမှာ ဖာမင်နို၊ ဆာလာ၊ မာနေး၊ ဂျိုတာ၊ ဒီယက်စ်တို့ တိုက်စစ်သမား ၅ ဦး ရှိနေတာဖြစ်ပြီး ဒီနောက်ပိုင်းမှာ သူတို့ကြား ပွဲထွက်နေရာအတွက် ပြိုင်ဆိုင်မှုက ပိုမို ပြင်းထန်လာနေပြီ ဖြစ်ပါတယ်။ ဒီယက်စ် ခပ်မြန်မြန် အသားကျလာနေခြင်းကြောင့် ရွေးချယ်စရာ ပိုများလာတဲ့ အနေအထားမှာ အိုရီဂီ၊ မီနာမီနိုတို့ကလည်း မျက်ကွယ်ပြုရမယ့် တိုက်စစ်သမားတွေ မဟုတ်ကြပါဘူး။

လီဗာပူးအသင်းဟာ ပွဲအတော်ပန်းနေခဲ့ပြီဖြစ်ကာ ဒီတိုက်စစ်သမားတွေကို အလှည့်ကျ ပွဲထုတ်နိုင်ခြင်းနဲ့အတူ သွင်းဂိုးတွေကို ဆက်လက် ရှာဖွေနိုင်တာက ရလဒ်အတွက်ကော၊ လိဂ်ဖလား စိန်ခေါ်မှုမှာ အထောက်အကူဖြစ်နေခဲ့တာပါ။ ပရိသတ်တွေအတွက်ကတော့ တိုက်စစ်သမားတိုင်းကို အားပေးဖို့ အဆင်သင့်ဖြစ်နေကြပါပြီ။

ကမ္ဘာအဆင့် အယ်လီဆန်

စိတ်လှုပ်ရှားစရာ သွင်းဂိုး ၂ ဂိုးကို ၁၀ မိနစ်အတွင်း မရခင်လေးမှာ လီဗာပူးပရိသတ်တွေအတွက် စိတ်ပူစရာ အခိုက်အတန့် ရှိခဲ့ပါတယ်။ သီယာဂိုရဲ့ လူပေးမှားမှုကနေ ရလာတဲ့ အခွင့်အရေးကို အိုဒီဂတ်က ကြိုးစားပိတ်သွင်းခဲ့ပေမယ့် အယ်လီဆန် ကာကွယ်ပေးခဲ့တာပါ။

သူ့ရဲ့ နေရာယူမှု၊ ကာကွယ်ဖို့ရာ အဆင်သင့်ရှိမှုတွေက အဝေးကွင်းမှာ ဂိုးပေးရနိုင်တဲ့ အကြီးဆုံး အခြေအနေကို ဟန့်တားပေးခဲ့တာဖြစ်ပါတယ်။ ဒီကာကွယ်မှုက ပွဲအလှည့်အပြောင်း ဖြစ်စေခဲ့ပြီး သိပ်မကြာခင်မှာ သီယာဂိုရဲ့ ဖန်တီးပေးမှုကနေ ဂျိုတာက ဦးဆောင်ဂိုး ရယူခဲ့ပါတယ်။

စိတ်ဓါတ်တစ်ခုနဲ့ ရှေ့ဆက်နေတဲ့ လီဗာပူး

တကယ်တော့ လီဗာပူးအသင်းဟာ အတော်လေး ပွဲပန်းနေပြီဖြစ်ပါတယ်။ အာဆင်နယ်နဲ့ လီဗာပူးတို့ အမ်းမရိတ်မှာ ယှဉ်ပြိုင်ကြတဲ့ပွဲဟာ တူညီတဲ့ အချိန်အတွင်း လီဗာပူးက ၆ ပွဲစာ ပိုကစားထားရတာဖြစ်ပါတယ်။ ဒါကြောင့်ပဲ ပွဲပြင်ဆင်ချိန်တွေ နည်းပါးက အထနှေးနေခဲ့ရတာပါလို့ ကလော့ပ်က ပြောပြထားပါသေးတယ်။

ပြင်းပြတဲ့ စိတ်ဓါတ်တွေကြောင့်ပဲ လီဗာပူးက အမှားကင်းကင်း ရှေ့ဆက်နေခြင်းဖြစ်ကာ ရခဲ့တဲ့ နိုင်ပွဲတိုင်းဟာ နောက်ပွဲအတွက် ကုန်ဆုံးသွားတဲ့ အင်အားတွေကို ပြန်လည် အစားထိုး ဖြည့်တင်းမှု ဖြစ်နေစေပါတယ်။

လီဗာပူးပရိသတ်တွေ သဘောကျတဲ့ မာတင်နယ်လီ

ဒီပွဲမှာ လီဗာပူးကို ကောင်းကောင်းဒုက္ခပေးခဲ့တာက မာတင်နယ်လီပါ။ သူ့ရဲ့ ကျော်ဖြတ်မှုတွေက အခွင့်အရေးကြီးတွေ ဆက်မဖြစ်ခဲ့ပေမယ့် ထရန့် ရှေ့မတက်နိုင်အောင် ခက်ခဲတဲ့ အချိန်တွေရှိခဲ့ပြီး ဘရာဇီးသားရဲ့ ကောင်တာတိုက်စစ်မှာ လုပ်နိုင်စွမ်းတွေကို လီဗာပူးပရိသတ်တွေတောင် သဘောကျခဲ့ရပါတယ်။ ထရန့်ကို ကျော်ဖြတ်ပြီး ဟန်ဒါဆန်ကို ပေါင်ကြား ဘောလုံးသွင်းခဲ့တဲ့ တစ်ပေါက်က တော်တော်ရင်ထိတ်ခဲ့ရပါသေးတယ်။

မန်နေဂျာကလော့ပ်က မာတင်နယ်လီကို အတော်လေး သဘောကျခဲ့တာ ကြာခဲ့ပါပြီ။ သူ့ကို စောင့်ကြည့်ကြဖို့နဲ့ တောက်မယ့်မီးခဲအဖြစ်ပါ ထုတ်ပြောထားခဲ့တာပါ။ စပါးတိုက်စစ်သမား ဆွန်ဟောင်မင်နဲ့ အာဆင်နယ်တိုက်စစ်သမား မာတင်နယ်လီတို့ဟာ လီဗာပူးတိုက်စစ်မှာ အံဝင်နိုင်သူတွေဖြစ်တယ်။ ဒါပေမယ့် သူတို့နှစ်ဦးက လီဗာပူးအသင်းထံ ရောက်လာဖို့တော့ မရှိလှပါဘူး။

ကျဉ်းမြောင်းလာတဲ့ အမှတ်ပေးဇယား

မန်စီးတီးအသင်း ခြေချော်မှုတွေကို ဆက်တိုက် အခွင့်အရေး ယူလာနိုင်တဲ့ လီဗာပူးအသင်းဟာ အခုဆိုရင် နှစ်သင်းကြား ကွာဟမှုကို တစ်မှတ်အထိ လျော့ချနိုင်ခဲ့ပါပြီ။ လီဗာပူးဟာ မန်စီးတီးနည်းတူ အက်ဖ်အေဖလားမှာ ကွာတားဖိုင်နယ်၊ ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ် အဆင့်တွေမှာ ရှိနေဆဲဖြစ်လို့ နှစ်သင်းက ဒီရာသီ နယ်ပယ်စုံမှာ အကျိတ်အနယ် ယှဉ်ပြိုင်လာရဖို့ ရှိနေတယ်။

လာမယ့်ပွဲစသ် ၃၀ မှာ လီဗာပူးအသင်းက မန်စီးတီးထက်အရင် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဝတ်ဖိုဒ့်ကို အနိုင်ရမယ်ဆိုရင် ဇယားထိပ်ကို ဦးဆောင်ခွင့်ပါ ရှိလာပါတော့မယ်။ စီးတီးကတော့ ဘန်လေကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ကာ ဒီပွဲပြီးရင်တော့ အီသီဟက်မှာ မန်စီးတီးနဲ့ လီဗာပူးတို့ ထိပ်တိုက်တွေ့မှာဖြစ်ပါတယ်။

၄ ရာသီအတွင်း တတိယအကြိမ်အဖြစ် ကလပ်နှစ်သင်းဟာ ပရီးမီးယားလိဂ်ဖလားကို အပြိုင် စိန်ခေါ်နေကြပြီဖြစ်ကာ ဧပရယ်လ ၁၀ ရက်နေ့ဟာ ဗိုလ်လုပွဲတစ်ပွဲလို ကြီးကျယ်လွန်းတဲ့ နေ့ရက်တစ်ခု ဖြစ်လာဖို့ ရှိနေခဲ့ပါပြီ။