လီဗာပူးအသင်း တိုက်စစ်သမားဆိုတာ ‘ ေ-ာက်ရမ်း ကြိုးစားပေးရတာကွ’ ဆိုလာတဲ့ ကလော့ပ်

အမ်းမရိတ်မှာ ယှဉ်ပြိုင်တဲ့ ပရီးမီးယားလိဂ်ပွဲမှာ တိုက်စစ်သမားတွေရဲ့ ကြံ့ခိုင်စွာ ကစားပေးနိုင်မှုကို ကလော့ပ်က ချီးကျူးခဲ့ပြီး လီဗာပူးအတွက် ကစားပေးဖို့ဆိုရင် အရမ်း ကြိုးစားပေးရပါတယ်လို့ ပြောဆိုပါတယ်။

အာဆင်နယ်ကို ဦးဆောင်ဂိုး မသွင်းခင်မှာပဲ ဆာလာဟာ လူစားဝင်လာဖို့ ကွင်းဘေးမှာ ဖာမင်နိုနဲ့အတူ ရပ်နေခဲ့ကြတာပါ။ ဂျိုတာနဲ့ ဒီယက်စ်တို့ ဂိုးမသွင်းနိုင်လို့ လူစားလဲမှု လုပ်တယ်ဆိုတဲ့ ပြောဆိုချက်တွေကို ကလော့ပ်က ငြင်းဆန်ခဲ့ပြီး ကွင်းထဲမှာ နည်းစနစ်ပိုင်းအရ လန်းဆန်းမှုတွေ လိုအပ်လာလို့ လူစားလဲခဲ့တာကို ဆိုခဲ့တယ်။

ဖာမင်နိုဟာ တံကောက်ကြော ဒဏ်ရာကနေ ပြန်သက်သာလာပြီးတဲ့နောက် ကြံ့ခိုင်မှု ပြည့်ဝလာနေတာပါ။ ထိုနည်းတူ ဆာလာကလည်း ဘရိုက်တန်ပွဲမှာ ထိခိုက်ခဲ့မှုကနေ သက်သာလာပြီး လူစားဝင်ဖို့ အဆင်သင့်ဖြစ်နေခဲ့တာပါ။ သူတို့ရဲ့ လန်းဆန်းမှုတွေကို လိုအပ်ပြီလို့ ယူဆမှုကြောင့် ကလော့ပ်က လူစားလဲခဲ့တာဖြစ်ပါတယ်။

မတ်လအတွင်းမှာ ဆာလာ၊ မာနေး၊ ဂျိုတာ၊ ဒီယက်စ်နဲ့ ဖာမင်နိုတို့ အားလုံး ဂိုးပေါက်တွေ့ထားတာဖြစ်ပြီး အာဆင်နယ်ပွဲအပြီးမှာ ကလော့ပ်က တိုက်စစ်သမားတွေရဲ့ လှုပ်အားနှုန်းတွေကို ချီးကျူးခဲ့ပါတယ်။

“ တိုက်စစ်သမားတွေကို မတူညီတဲ့ နည်းလမ်းတွေနဲ့ လိုအပ်ပါတယ်။ ဂိုးတွေကို သွင်းပေးနိုင်တဲ့ တိုက်စစ်သမားတစ်ယောက် ဖြစ်နေရုံတင် မရပါဘူး။ လီဗာပူးအတွက် ကစားပေးတဲ့ တိုက်စစ်သမားတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် ပွဲတိုင်းမှာ မင်း ေ-ာက်ရမ်း ကြိုးစားပေးဖို့ လိုပါမယ်။

တောင်ပံတွေမှာ ကာကွယ်ပေးရမယ်၊ ဘယ်နေရာကနေဖြစ်ဖြစ် ခုခံပေးရမယ်။ ဒါက အရေးကြီးတယ်။ ဒါကြောင့်ပဲ ကျနော်တို့ လူစားလဲခဲ့တာပါ။ သူတို့ ဂိုးမသွင်းနိုင်လို့ လူစားလဲတာ မဟုတ်ပါဘူး။ ဂိုးသွင်းနိုင်ပေမယ့်လည်း ကျနော်တို့ ဆက်ပြီး လူစားလဲခဲ့တာပါပဲ။

လူစားလဲတာက အခြေအနေ အားလုံးမှာ သူတို့က အသင်းကို ဘယ်လောက်ထိ ကူညီနိုင်မလဲအပေါ် မူတည်ပါတယ်။ အဲ့အတွက် လန်းဆန်းတဲ့ ခြေထောက်တွေ လိုခဲ့ပါတယ် ” လို့ ကလော့ပ်က ပြောပြခဲ့တာဖြစ်ပါတယ်။

ကလော့ပ်ရဲ့ ပြောဆိုမှုဟာ တိုက်စစ်သမားတွေအတွက် သတိပေးချက် တစ်ခုလည်း ဖြစ်လာခဲ့ပြီး ပွဲထွက်လူစာရင်းက ပါဝင်ပေမယ့်လို့ အသင်းအတွက် လုံလောက်တဲ့ အားထုတ်မှု မပြသနိုင်ဘူးဆိုရင် အနောက်မှာ ပွဲကစားခွင့်ကို စိန်ခေါ်သွားမယ့် ကစားသမားတွေ စောင့်နေပြီဆိုတာကို အသင်းသားတိုင်း နားလည်နေရတော့မှာ ဖြစ်ပါတယ်။