အာဆင်နယ်ပွဲမှ သီယာဂိုနဲ့ ဖာမင်နိုတို့ရဲ့ အမှား နှစ်ခုဟာ မဖြစ်သင့်ဘူးလို့ ဝန်ခံသွားတဲ့ ယာဂင်

အာဆင်နယ်ပွဲမှာ ဖာမင်နိုနဲ့ သီယာဂိုတို့ရဲ့ အမှားတွေက မဖြစ်သင့်တဲ့ အမှားတွေဖြစ်ခဲ့တယ်ဆိုတာကို ပွဲအပြီးမှာ နည်းပြကလော့ပ်က ထောက်ပြပါတယ်။

လူစားဝင်လာပြီး ဒုတိယဂိုး သွင်းယူချိန်မှာ ဖာမင်နိုက ပရိသတ်တွေထံ ပြေးလွှား အောင်ပွဲခံခဲ့တာပါ။ ပရိသတ်တွေ သတိမပြုမိပေမယ့် ဒီကာလတွေဟာ ဖာမင်နိုအတွက် အတော်လေး ခက်ခဲပါတယ်။ သူဟာ ဘရာဇီးလက်ရွေးစင်ကနေ ချန်လှပ်ခံရတာ အတော် ကြာလာခဲ့သလို ဒဏ်ရာကြောင့် ပုံမှန် ပွဲကစားခွင့်လည်း မရဖြစ်နေပါတယ်။

ဇန်နဝါရီမှာ ဒီယက်စ် ရောက်လာခြင်းက ဖာမင်နိုရဲ့ ပွဲထွက်ခွင့်ကို ပိုပြီး အကန့်အသတ် ရှိလာခဲ့ကာ အခုလို သွင်းဂိုးရလိုက်တာအပေါ် သူ အတော်လေး စိတ်လှုပ်ရှားခဲ့ပုံရတယ်။ ပွဲထဲမှာ ဘောလုံးဖိအားပေးမှုကို ဦးဆောင်နေတဲ့ ဖာမင်နိုဟာ အချိန်မရွှေး အဝါကဒ် ထိနိုင်တာကြောင့် အောင်ပွဲခံရင်း အဝါကဒ် အရင်ရခဲ့တာကို ကလော့ပ်က စိတ်ပူခဲ့တာဖြစ်တယ်။

နည်းပြယာဂင်က ” ဖာမင်နိုအတွက် အရမ်းပျော်ပါတယ်။ ကံမကောင်းစွာဘဲ သူ့ရဲ့ အောင်ပွဲခံမှုအတွက် အဝါကဒ် ပြသခံခဲ့ရတယ်။ ပွဲထဲမှာက ဖြတ်လုရမှုတွေ အများကြီး လုပ်နေရချိန်မှာ သူ အဝါကဒ်ရသွားတာ မြင်တော့ ကျနော် နည်းနည်းလေး ရင်ထိတ်ခဲ့တာပေါ့။ ဒါပေမယ့် ဖာမင်နို ဘာလို့ ဒီလို အောင်ပွဲခံခဲ့လဲဆိုတာ ကျနော် နားလည်ပေးလို့ ရပါတယ် ” ဆိုပြီး ပြောပြပါတယ်။

သီယာဂိုဖြစ်ရပ်ကလည်း ကစားကွက် တည်ဆောက်မှု ပြန်လုပ်စဉ် ပေါ့ဆတဲ့ ပွဲဖတ်မှုကြောင့် ဧရိယာထိပ်မှာ လာကာဇက် ရှိနေတာကို သတိမပြုမိခဲ့တာပါ။ ဒီအခွင့်အရေးကို အယ်လီဆန်က ကာကွယ်ခဲ့ပေမယ့် အမြဲတမ်း ကံကောင်းနိုင်မယ့် အခြေအနေမျိုး မဟုတ်လှပါဘူး။

သီယာဂိုရဲ့ အမှားနဲ့ ပတ်သက်လို့လည်း ယာဂင်ကလော့ပ်က ” မှားတတ်တဲ့ အမှားဆိုပေမယ့် အဲ့အမှားမျိုး မလုပ်သင့်ပါဘူး။ ဒါကို သီယာဂိုလည်း သိပါတယ်။ သူ အတော်လေး စိတ်သက်သာရာ ရခဲ့ပါလိမ့်မယ်။ အယ်လီဆန်က ကောင်းကောင်းကြီး ကာကွယ်ပေးခဲ့တယ်။ အာဆင်နယ်က ကျနော်တို့ကို အပြစ်ပေးခဲ့နိုင်ပါတယ် ” လို့ ပြောခဲ့တာဖြစ်ပါတယ်။

ပွဲတွေ တောက်လျှောက်ဆက်နေမှုက အသင်းကို ပင်ပန်းနေစေခဲ့တာဖြစ်ပြီး ဆုဖလား ပိုမို စိန်ခေါ်လာနိုင်စွမ်းတွေက စိတ်ဓါတ်ပိုင်း အင်အားဖြစ်လာစေဖို့ မျှော်လင့်ရတာ ဖြစ်ပါတယ်။