ဒီရာသီမှာ VAR က မျှတခဲ့ရင် လီဗာပူးက ၁၀ မှတ်လောက် သာနေပြီလို့ ဖွင့်ထုတ်ခဲ့ကြမှု

ပရီးမီးယားလိဂ်ပွဲစဉ် ၂၉ အပြီးမှာ လီဗာပူးနဲ့ စီးတီးတို့ဟာ ရမှတ်ကွာခြားမှု ၁ မှတ်ပဲ ရှိလာခဲ့ပြီး လက်တလောမှာ လိဂ်ကို မန်စီးတီးက ဦးဆောင်ထားဆဲဖြစ်ပါတယ်။

ဒီလို ရလဒ် ကျဉ်းမြောင်းလာတာနဲ့အမျှ ပရီးမီးယားလိဂ်ဒိုင်တွေရဲ့ ညံ့ဖျင်းတဲ့ ကိုင်တွယ်မှုဟာ လီဗာပူးအသင်းကို ဘယ်လောက်တောင် ထိခိုက်စေသလဲဆိုတာ မြင်သာလာခဲ့တယ်။ ဒိုင်လူကြီးနဲ့ VAR ရဲ့ ဆုံးဖြတ်ချက်တွေဟာ လီဗာပူးအသင်းကို ရမှတ်ထိခိုက်စေသလို ပြိုင်ဘက်အသင်းကို ရမှတ် အသာစီးရစေမှုတွေ ပါဝင်ခဲ့ပါတယ်။

တွစ်တာမှာ “ငါတို့အသင်းက ၁၀ မှတ်လောက် သာနေသင့်တာ” ဆိုပြီး လီဗာပူးပရိသတ်တွေ ဖော်ထုတ်လာမှုအရ လီဗာပူးနဲ့ စပါးပွဲမှာ ဒိုင်တွေက သိသိသာသာကို စပါးဘက်က ဆုံးဖြတ်ခဲ့မှု တစ်ကြိမ် ရှိခဲ့သလို များသောအားဖြင့် မန်စီးတီးကို သိသိသာသာ ဘက်လိုက်ခဲ့တဲ့ ဖြစ်ရပ်တွေ များစွာ ရှိခဲ့တာဖြစ်ပါတယ်။

သိသာတဲ့ အမှားတွေကတော့ အဲဗာတန်ပွဲမှာ ရိုဒရီရဲ့ လက်ထိဘောကို မျက်ကွယ်ပြုတဲ့ ကိစ္စဖြစ်တယ်။ အဆိုပါဖြစ်ရပ်က ပင်နယ်တီဖြစ်ခဲ့သင့်ပေမယ့် VAR ဒိုင်က မပေးခဲ့ကာ နောက်ပိုင်းမှာတော့ ဒိုင်လူကြီးချုပ်က အဲဗာတန်အသင်းထံ တရားဝင် ဖုန်းဆက်ပြီး တောင်းပန်ခဲ့ပါတယ်။

နောက်ထပ်ဖြစ်ရပ်က ဝုဗ်နဲ့ပွဲမှာ မော်တင်ဟိုရဲ့ မတော်တဆ လက်ထိမှုကို ပင်နယ်တီ ပေးခဲ့တာဖြစ်တယ်။ သူ့ရဲ့ ဖြစ်ရပ်နဲ့ ရိုဒရီရဲ့ ဖြစ်ရပ် နှိုင်းယှဉ်မယ်ဆိုရင်ကိုပဲ VAR ရဲ့ ဆုံးဖြတ်ချက်က မညီမျှတာ သိသာခဲ့ပါတယ်။

နောက်ထပ်ဖြစ်ရပ်က လီဗာပူးပွဲတော့ မဟုတ်ပေမယ့် အာဆင်နယ်နဲ့ မန်စီးတီးပွဲမှာ အိုဒီဂတ်ရဲ့ ဖြစ်ရပ်ကို ပင်နယ်တီ မျက်ကွယ်ပြုမှုဖြစ်ခဲ့တယ်။ ဒါ့အပြင် မန်စီးတီးနဲ့ လီဗာပူးပွဲမှာ ဂျိုတာကို အီဒါဆန်ရဲ့ ပြစ်ဒဏ် ကျူးလွန်မှုက မျက်ကွယ်ပြုခံရသလို လီဗာပူးနဲ့ စပါးပွဲမှာ အီမာဆန်ရဲ့ ပြစ်ဒဏ်ကျူးလွန်မှုအတွက် ပင်နယ်တီ မရတာက အဆိုးရွားဆုံးပါပဲ။

ဒါကြောင့်လည်း လီဗာပူးတိုက်စစ်မှူးဟောင်း ဂျွန်အဲဒရစ်ကဆိုရင် ” ဒီနှစ် VAR က မှန်မှန်ကန်ကန် လုပ်ခဲ့တာ တစ်ခု၊ နှစ်ခုပဲ ရှိပါတယ်။ မန်စီးတီးနဲ့ပွဲက အဲဗာတန် aပးလိုက်ရတဲ့ ပင်နယ်တီ၊ ဝုဗ်နဲ့ပွဲက လက်ထိဘောကနေ မန်စီးတီးရသွားတဲ့ ပင်နယ်တီတွေကို ကြည့်လိုက်ရင် အရမ်း စိတ်ဝင်စားစရာ ကောင်းပါတယ်။

VAR ဆိုတာ ကွင်းလယ်ဒိုင်တွေကို ကူညီဖို့ ရှိနေတာပါ။ ဒါပေမယ့် အခုက သူတို့ကို နှောင့်ယှက်နေသလိုပါပဲ ” ဆိုပြီး မာဆေးဆိုဒ် သတင်းမှာ သူ့အမြင်ကို ရေးသားခဲ့ပါသေးတယ်။

ဘာပဲပြောပြော အဆုံးမှာတော့ ချန်ပီယံ ဘယ်အသင်းဖြစ်မယ်ဆိုတာကိုပဲ သမိုင်းက မှတ်ထားမှာဖြစ်လို့ ဒီရာသီ လက်ကျန်ပွဲ အားလုံးကို လီဗာပူးအသင်း အနိုင်ယူနိုင်ပါစေလို့ မျှော်လင့် ဆုတောင်းရတာ ဖြစ်ပါတယ်။