နိုင်ပွဲကို သာယာမနေဘဲ လီဗာပူးရောက်နေတာ ဒုတိယနေရာပဲ ရှိသေးကြောင့် ရိုဘို သတိပေး

မနက်က အာဆင်နယ်ပွဲမှာ ပရိသတ်တွေပေးတဲ့ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုရှင် ရိုဘိုက ပရီးမီးယားလိဂ် ပြိုင်ဆိုင်မှုက လမ်းပွင့်လာပေမယ့် အသင်းရှိနေတာက ဒုတိယနေရာပဲ ဖြစ်တယ်လို့ သတိပေးလိုက်ပါတယ်။

လီဗာပူးအသင်းဟာ လိဂ်ဦးဆောင်သူ မန်စီးတီးနဲ့ ၁ မှတ်အကွာ နေရာကို ရယူလာနိုင်တယ်။ ဒါပေမယ့်လို့ လက်ကျန် ပြိုင်ပွဲတွေအရ လီဗာပူးရဲ့ ပွဲစဉ်တွေက အတော်လေး ခက်ခဲလှပြီး ပွဲစဉ်တိုင်းကို အာရုံစိုက်ဖို့ လိုအပ်နေဆဲ အခြေအနေမှာတင် ရှိနေပါသေးတယ်။

ရိုဘိုကတော့ ပွဲကျန်တွေနဲ့ နောက်က လိုက်ကစားရတာကို သဘောမကျကြောင်းနဲ့ သေချာတဲ့ ရမှတ်တွေ ရထားတာကိုပဲ အလိုရှိကြောင်း ထုတ်ပြောခဲ့တယ်။ အခုချိန်မှာ မန်စီးတီးက လီဗာပူးကို တစ်မှတ်အသာနဲ့ ဦးဆောင်နေပြီး အဲ့လို ဦးဆောင်နေတဲ့ အခြေအနေမျိုး ရဖို့ကိုပဲ ပိုမို အလိုရှိတယ်လို့ ဆိုပါတယ်။

အာဆင်နယ် ပွဲအပြီးမှာ ရော်ဘတ်ဆန်က ” ဒုတိယပိုင်းမှာ ကျနော်တို့ ပိုကောင်းကောင်း ကစားနိုင်ခဲ့တယ်။ ပွဲအစကောင်းပြီး အခွင့်အရေး အနည်းငယ် ရပေမယ့်လို့ ပထမပိုင်းမှာ အာဆင်နယ်က ပိုကောင်းခဲ့ပါတယ်။ ကျနော်တို့ ပိုကောင်းကောင်း ကစားနိုင်တယ်ဆိုတာ သိသလို half-spaces တွေကိုလည်း ပိုပြီး ရယူနိုင်ပါတယ်။ ဒုတိယပိုင်းမှာ ပိုပြီး ထိန်းချုပ်နိုင်ခဲ့တယ်။

ပွဲကျန်တွေ ရှိနေတာကို သဘောမကျဘူး။ ရမှတ်တွေ ရထားတာကိုပဲ သဘောကျတယ်။ ကျနော်ကတော့ မန်စီးတီး အခြေအနေကို ပိုသဘောကျတာပေါ့။ သူတို့က တစ်မှတ်သာနေသေးတာပါ။ မန်စီးတီးက သိပ်ကောင်းတဲ့အသင်းဖြစ်ပြီး ကမ္ဘာအကောင်းဆုံးတွေထဲက တစ်သင်းပါ။ အခုတော့ နောက်ဆုံးစည်းထိ ပြေးရတော့မှာပါ။

ကျနော်တို့ အမှတ်ပေးပြိုင်ပွဲထဲ ဝင်လာပါပြီ။ ကိုယ်ဘာကို လုပ်နေတယ်ဆိုတာကို အာရုံစိုက်ဖို့ လိုပါတယ်။ ကျနော်တို့က မန်စီးတီးနေရာကို ဝင်ယူနိုင်အောင် ကြိုးစားရဦးမှာပါ။ တနင်္ဂနွေနေ့မှာလည်း ဝင်ဘာလေထံ သွားနိုင်ဖို့ အခွင့်အရေးအဖြစ် ပွဲကြီးတစ်ပွဲ ရှိနေဦးမှာပါ။ ဒါပေမယ့်လို့ ကျနော်တို့ နိုင်ပွဲတွေကို ဆက်ယူနေမယ်ဆိုရင် အဲ့နေရာကို ရောက်နိုင်မှာပါ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဧပရယ်လဟာ လီဗာပူးအတွက် အခက်ခဲဆုံးလဖြစ်လာနိုင်ပြီး မန်စီးတီးကို ရင်ဆိုင်ရမယ့်ပွဲ အဲဗာတန်၊ ယူနိုက်တက်တို့ကို ရင်ဆိုင်ရမယ့်ပွဲတွေအပြင် ချန်ပီယံလိဂ် ကွာတားအဆင့် ပွဲစဉ်တွေကိုလည်း အဆိုပါလမှာ ယှဉ်ပြိုင်ရမှာပါ။

ဘောလုံးပွဲတွေ ရှိနေသေးတာကြောင့် ဘာမဆိုဖြစ်လာနိုင်ပြီး လီဗာပူးရဲ့ အာရုံစိုက်မှုဟာ ပွဲစဉ်တွေမှာ အပြည့်အဝ ဆက်ရှိနေဖို့ လိုအပ်နေဆဲ ဖြစ်ပါလိမ့်မယ်။