ထရန့်ကို အပြစ်ပြောချင် ငါ့ရှေ့လာခဲ့ အလဲထိုးလိုက်မယ်လို့ ကလော့ပ် တုန့်ပြန်

အာဆင်နယ်ကို ရင်ဆိုင်ရတဲ့ပွဲမှာ တိုက်စစ်သမား မာတင်နယ်လီက ထူးထူးချွန်ချွန် ကစားခဲ့ပေမယ့် ညာခြမ်းမှာ ထရန့် အကောင်းဆုံး ကာကွယ်ခဲ့တယ်လို့ ကလော့ပ်က မြင်ပါတယ်။

ဒီပွဲမှာ အာဆင်နယ်ရဲ့ ထိန်းရ အခက်ဆုံး ကစားသမားအဖြစ် မာတစ်နယ်လီဟာ တစ်ဦးချင်း အနေအထားတွေမှာ ကောင်းမွန်ခဲ့တာဖြစ်ကာ ထရန့်ဘက်ကနေ ဧရိယာထဲ ပြေးဝင်ဖို့ ကြိုးစားမှု တစ်ကြိမ်က အတော်ကောင်းခဲ့ပါတယ်။ ဒါပေမယ့်လို့ တစ်ပွဲလုံးမှာတော့ အာဆင်နယ်က အခွင့်အရေးကြီး သိပ်မရခဲ့တာကို ကြည့်ရင် ခံစစ်က အကောင်းဆုံး လုပ်နိုင်ခဲ့တာကို မြင်ရပါလိမ့်မယ်။

ပွဲအပြီးမှာ မာတင်နယ်လီကို အထင်ကြီးကြောင်း ချီးကျူးတဲ့ ကလော့ပ်က ထရန့်ရဲ့ ခံစစ်ကစားပုံကိုလည်း အသိအမှတ် ပြုခဲ့ပါတယ်။ တကယ်လို့ တစ်ယောက်ယောက်က ထရန့်ကို ဝေဖန်ချင်ရင် သူ့ရှေ့လာဖို့နဲ့ အဲ့ဝေဖန်သူတွေကို အလဲထိုးပစ်မယ်လို့ ကလော့ပ်က ပြောခဲ့တယ်။

ပွဲအပြီးမှာ ကလော့ပ်က ” အခြားတစ်သင်းက စိတ်ရှည်စွာ ချဉ်းကပ်လာတိုင်းမှာ နှစ်သင်းလုံး ဘောလုံးပိုင်ဆိုင်မှုတွေ ရှိခဲ့ကြပါတယ်။ မာတင်နယ်လီကို ရင်ဆိုင်ချိန်မှာလည်း ထရန့်က အတော်ကောင်းကောင်း လုပ်ပြနိုင်ခဲ့တယ်။

တစ်ယောက်ယောက်က ထရန့်ဟာ မခုခံနိုင်ဘူးပြောရင် ကျနော် သူတို့ကို အလဲထိုးပစ်မယ်။ ထရန့်က ဒီထက်ပိုပြီး ဘာလုပ်ရမှာလဲဆိုတာ ကျနော် မသိတော့ပါဘူး ” လို့ တုန့်ပြန်ခဲ့ပါတယ်။

ဆက်လက်ပြီး ကလော့ပ်ကပဲ ” ပထမပိုင်းအတွင်း လိုင်းတွေကြားမှာ ကစားသမား လုံလုံလောက်လောက် မရှိခဲ့ဘူး။ လှုပ်ရှားမှုတွေကလည်း ကျနော်တို့ လုပ်သင့်တဲ့အတိုင်း အတိအကျ မဟုတ်ခဲ့ပြန်ဘူး။ အရမ်းခက်ခဲတဲ့ ပွဲတစ်ပွဲအတွက် ပြင်ဆင်ထားခဲ့တာဖြစ်လို့ အဲ့တာတွေက ပြဿနာလို့ မဟုတ်ပါဘူး။

အာဆင်နယ်က လျှင်မြန်မှုနဲ့ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာအရ တကယ်ကို အရည်အချင်းရှိတဲ့ အသင်းဖြစ်ပါတယ်။ ပထမပိုင်းအပြီး ကျနော် သိပ်ဒေါသထွက်ခဲ့တယ်။ အပြောင်းအလဲ အနည်းငယ်တောင် လုပ်ချင်ခဲ့တယ်။ နောက်ပြီး ပြန်စပြီး မကြာခင်မှာ အယ်လီဆန်ထံကနေ သိပ်ကောင်းတဲ့ ကာကွယ်မှုကို မြင်ခဲ့ရပါတယ်။ ကျနော်က အဲ့တစ်ကြိမ် ဂိုးသွားပြီလို့တောင် ထင်ခဲ့တာပါ။

အာဆင်နယ်ရဲ့ အရည်အချင်း၊ သူတို့ရဲ့ အဆုံးသတ်ပုံနဲ့ဆို ဂိုးပြီလို့ တွက်ဆခဲ့ပေမယ့် အယ်လီက ကာကွယ်ပေးခဲ့တယ်။ သီယာဂိုလို ဘောလုံး အခြေအနေတွေကို အမြဲတမ်း ရှာဖွေနေသူတစ်ယောက်ထံက အမှားကို မြင်ခဲ့ရတာဖြစ်ပေမယ့် သူက ပွဲကို ဆက်ပြီး မောင်းနှင်ခဲ့ပါတယ် ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ လက်ကျန် ၁၀ ပွဲထဲက ခက်ခဲတဲ့ အဝေးကွင်းပွဲတစ်ပွဲကို clean sheet ရယူခဲ့မှုနဲ့အတူ ဒီရာသီ ပရီးမီးယားလိဂ်မှာ မန်စီးတီးနည်းတူ ခံစစ်က ဂိုးမပေးရတဲ့ ပွဲ ၁၇ ပွဲ ရှိနေခဲ့ပြီဖြစ်ပါတယ်။