ပရီးမီးယားလိဂ်က တစ်ကောင်တည်းပြေးတဲ့ပြိုင်ပွဲ မဟုတ်ကြောင်း ထပ်မံ သက်သေပြတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ အမ်းမရိတ်မှာ အာဆင်နယ်ကို သွားရောက် ယှဉ်ပြိုင်ပြီး ဂျိုတာ၊ ဖာမင်နိုတို့ရဲ့ သွင်းဂိုးတို့နဲ့ အနိုင်ရကာ အမှတ်ပေးဇယားမှာ မန်စီးတီးနောက် တစ်မှတ်အကွာကို ရောက်ရှိလာပါတယ်။

မန်နေဂျာကလော့ပ်ဟာ အသေးစား ဒဏ်ရာကြောင့် ကြံ့ခိုင်မှု မပြည့်တဲ့ ဆာလာကို အနားပေးပြီး ဂျိုတာကို ပွဲထုတ်ခဲ့တယ်။ မာနေးနဲ့ ဒီယက်စ်တို့ကလည်း ပွဲထွက်လူစာရင်းက ပါဝင်ခဲ့ကာ ကွင်းလယ်မှာတော့ ကြံ့ခိုင်မှု ကောင်းနေတဲ့ သီယာဂိုကို ဖာဘင်ညို၊ ဟန်ဒါဆန်နဲ့ တွဲပေးခဲ့ပါတယ်။ ခံစစ်ကတော့ အကောင်းဆုံး လူစာရင်းဖြင့်ပဲ ပွဲထုတ်ခဲ့တာပါ။

ပထမပိုင်းမှာတော့ လီဗာပူးဟာ တော်တော်ဆိုးရွားတဲ့ ခြေစွမ်းကို ပြသခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ပွဲတောက်လျှောက်ကို ၃ ရက် ၁ ပွဲနှုန်း ယှဉ်ပြိုင်လာခဲ့ရတာပါ။ စိတ်ဓါတ်ပြင်းထန်မှုကြောင့် ရလဒ်တွေကို ဆွဲယူလာနိုင်ခဲ့ပေမယ့် အာဆင်နယ်လို တစ်ပတ်အပြည့် ပြင်ဆင်ချိန်ရတဲ့ အသင်းကောင်းတစ်သင်းကို ရင်ဆိုင်ရချိန်မှာတော့ လိုအပ်ချက်တွေက သိသာခဲ့ပါတယ်။

အာဆင်နယ်ဟာ စုဖွဲ့မှုပိုကောင်းတဲ့ အနေအထား၊ ပိုမိုလန်းဆန်းတဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာတွေနဲ့ ယှဉ်ပြိုင်နိုင်ခဲ့တယ်။ လီဗာပူးအသင်းကတော့ မာန်တင်းကစားပေမယ့်လို့ မှားယွင်းတဲ့ ပေးမှုတွေ၊ ထိချက်လွဲမှုတွေနဲ့အတူ ကစားပုံက အာဆင်နယ်အောက်ကို ရောက်နေခဲ့တယ်လို့တောင် ဆိုနိုင်ပါတယ်။

ဒါပေမယ့်လည်း ကာလရှည် တွဲကစားလာကြတဲ့ အသင်းသားတွေထံက ကောင်းမွန်တဲ့ ဖန်တီးမှု အချို့ကိုတော့ မြင်ခဲ့ရပြီး ပထမပိုင်းမှာ အထက်စီးကတော့ ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။ အသင်းရဲ့ ကစားဟန်အတွက်ကော မာနေးကို အကာအကွယ်ပေးဖို့ ပျက်ကွက်ခြင်းအတွက် ကလော့ပ် ပေါက်ကွဲနေခဲ့ကာ ဒါကပဲ လီဗာပူးအတွက် ကောင်းခြင်းတွေ စတင်ဖို့ ဖြစ်လာခဲ့တယ်။

ပထမပိုင်း ၄၅ မိနစ် ပြီးချိန်မှာ လီဗာပူးဘက်က အားလုံးဟာ အဝတ်လဲခန်းထဲ ဝင်သွားခဲ့ပါတယ်။ ထူးခြားမှုကတော့ ပုံမှန်အားဖြင့် ၁၅ မိနစ် နားချိန်မှာ အရန်ကစားသမားတွေ ကွင်းထဲဆင်းပြီး သွေးပူလုပ်လေ့ရှိပေမယ့် ဒီပွဲမှာတော့ တစ်ဦးမှ ကွင်းထဲ မဝင်လာဘဲ အားလုံး အဝတ်လဲခန်းထဲမှာ ကလော့ပ်နဲ့အတူ ရှိပြီး ကောင်းကောင်းဆူခံနေရပုံ ရခဲ့တယ်။

ဒုတိယပိုင်းကို မပြောင်းလဲတဲ့ လူစာရင်းဖြင့် စတင်လာခဲ့ပြီး မာနေး အဖွင့်ဂိုး သွင်းယူပေမယ့် ဘောလုံးလက်ခံယူရာမှာ လူကျွံနေပါတယ်။ သိပ်မကြာခင်မှာပဲ သီယာဂိုကလည်း ပေါ့လျော့တဲ့ ပေးပို့မှုကနေ ဧရိယာထိပ်မှာ လာကာဇက်ရှိနေတာကို သတိမမူမိဘဲ နောက်ပြန်ပေးခဲ့ခြင်းကို အယ်လီဆန် တော်တော်လေး ပါးနပ်တဲ့ နေရာယူမှုကတစ်ဆင့် ကာကွယ်သွားခဲ့တယ်။

အသင်းရဲ့ ကစားပုံ လုံးဝ တက်မလာတာကြောင့် ကလော့ပ်က ဆာလာနဲ့ ဖာမင်နို အတွဲကို လူစားလဲပြီး ထုတ်သုံးဖို့ လုပ်ပါတော့တယ်။ အဲ့အချိန်မှာပဲ သီယာဂိုရဲ့ ဘောလုံးလမ်းကြောင်း ခင်းပေးမှုကနေ ဂျိုတာက လွတ်ထွက်အောင် ပြေးပြီး ဂိုးသမားရဲ့ ညာခြမ်း အောက်ဘက်ကို အပြင်း ပိတ်သွင်းကာ ဦးဆောင်ဂိုး ရယူပါတယ်။

ဂျိုတာဟာ တစ်ပွဲလုံးမှာ ရုန်းကန်နေရပေမယ့် တကယ့် အခိုက်အတန်းကောင်း တစ်ခုကို ဖန်တီးပေးခဲ့တာဖြစ်ပြီး ဒီသွင်းဂိုးက လီဗာပူးအတွက် အားဖြစ်သွားခဲ့တယ်။ ချက်ခြင်းပဲ ဆာလာနဲ့ ဖာမင်နို ဝင်လာခဲ့သလို သူတို့ဟာ မာနေးနဲ့ တွဲဘက်ပြီး လီဗာပူးရဲ့ သုံးယောက်တန်း တိုက်စစ်ဟောင်းကို ပြန်မြင်စေခဲ့တယ်။

နံပါတ် ၉ နေရာက ဖာမင်နိုရဲ့ လှုပ်နိုင်စွမ်းနဲ့အတူ ကစားအားကော ဘောလုံးပိုင်ဆိုင်မှုပါ ချက်ခြင်း တိုးတက်လာခဲ့ကာ ဘယ်ခြမ်းကနေ ရိုဘိုရဲ့ ထူးချွန်တဲ့ ကစားမှုကနေ ဧရိယာထဲ ထိုးပေးမှုကို ဖာမင်နို ပိတ်သွင်းခဲ့ပါတယ်။ ပရိသတ်တွေရှိရာ ပြေးထွက်သွားပြီး ပွေ့ဖက်ကြတဲ့ ပုံရိပ်ဟာ အတော်လေး ခံစားရတဲ့ အခိုက်အတန့်ပါပဲ။

အဲ့နောက်မှာ လီဗာပူးက ပွဲကို ပိုထိန်းကစားခဲ့ပြီး အာဆင်နယ်ဘက်က အခွင့်အရေး တစ်ကြိမ် ထပ်ရပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာနဲ့အတူ ပွဲက ၂-၀ ဖြင့် အပြီးသတ်ခဲ့ပါတယ်။

ဒီရလဒ်ကြောင့် လီဗာပူးအသင်းဟာ ပွဲတူအနေအထားမှာ မန်စီးတီးနောက် တစ်မှတ် အကွာ အခြေအနေကို ရောက်ရှိလာခဲ့ပါပြီ။ ဇန်နဝါရီတုန်းက နှစ်သင်းကြား ရမှတ် ၁၄ မှတ်ထိ ကွာဟခဲ့ရာကနေ လက်ကျန် ၉ ပွဲ အလိုမှာတော့ ၁ မှတ်ပဲ ကွာဟကာ ပရီးမီးယားလိဂ်ဟာ တစ်ကောင်တည်းပြေးတဲ့ ပြိုင်ပွဲမဟုတ်ကြောင်း လီဗာပူးက ရုန်းထပြခဲ့ပြီ ဖြစ်ပါတယ်။