ဒီတလော လီဗာပူးပွဲတွေမှာ မြင်နေရတဲ့ ကစားဟန် ပျော့ကွက်ကို ကလော့ပ် ဝန်ခံ

ဒီတလောမှာ လီဗာပူးအသင်းက နိုင်ပွဲတွေရနေပေမယ့်လို့ အထနှေးနေခဲ့တာကို မန်နေဂျာကလော့ပ်က ဝန်ခံခဲ့ပြီး ဒါဟာ ပြင်ဆင်ချိန် ကွာဟမှုကြောင့်လို့ ရှင်းပြပါတယ်။

လီဗာပူးအသင်းဟာ နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ ပြိုင်ပွဲစုံ ၁၄ ပွဲမှာ ၁ ပွဲကလွဲရင် အားလုံးကို အနိုင်ရထားတာပါ။ ဒါပေမယ့်လို့ ပြီးပြည့်စုံနေတဲ့ ခြေစွမ်းကို ပြသထားနိုင်တာ မဟုတ်ဘဲ ပွဲ အတော်များများမှာ ရုန်းကန်ရတဲ့ အခြေအနေတွေ ရှိထားခဲ့တာဖြစ်တယ်။ ဒါဟာ ပွဲများစွာကို ၃ ရက်တစ်ပွဲ ယှဉ်ပြိုင်နေရခြင်းရဲ့ အကျိုးဆက်ပဲ ဖြစ်ပါတယ်။

ပြိုင်ဘက်အသင်းတွေကတော့ မတူညီတဲ့ အနေအထားအဖြစ် ပွဲတစ်ပွဲကို ကာလရှည် ပြင်ဆင်ချိန်တွေ ရနေကြတယ်။ ဒီကွာခြားမှုဟာ လီဗာပူးနဲ့ သူတို့လို ကလပ်တွေ ယှဉ်ပြိုင်ချိန်မှာ သိသာလာခဲ့ပြီး ပွဲအစမိနစ်တွေမှ ပွဲကို ပိုဖတ်နိုင်ဖို့ အရှိန်ယူလာရတယ်လို့ ကလော့ပ်က ရှင်းပြပါတယ်။

ယာဂင်က “ ပြီးခဲ့တဲ့ ပွဲအနည်းငယ်မှာ ကျနော်တို့အသင်း ပွဲတွေကို စတင်ပုံနဲ့ ပတ်သက်ပြီး ကျနော် မကြိုက်ပါဘူး။ ပွဲအစမှာ အခြားသော အသင်းတွေက ကျနော်တို့ အသင်းထက် ပိုပြီး အင်ပြည့်အားပြည့် ကစားနေနိုင်ပါတယ်။

အသင်းတွေက ကျနော်တို့အကြောင်း ကောင်းကောင်းသိနေပြီး ပွဲနေ့တွေမှာ သူတို့က ခြားနားတဲ့ ပွဲပလန်တွေ အမြဲတမ်း ရှိနေကြတယ်။ ဒီတော့ ပွဲကြို ပြင်ဆင်မှုမှာ သူတို့က ကစားကွက် တည်ဆောက်ပြီး ယှဉ်ပြိုင်မှာပဲလို့ တွေးခဲ့ရင် တကယ်တမ်း ရင်ဆိုင်တော့ သူတို့က အဝေးဘောတွေ ကစားခြင်းလို အခြား နည်းလမ်းတွေကို သုံးသွားကြတယ်။

ဒါတွေက တိကျတဲ့ ပြင်ဆင်ပုံပါပဲ။ ဘာလို့လည်းဆိုတော့ အသင်းတွေက ကျနော်တို့ ရင်ဆိုင်ကစားဖို့ရာ ပြင်ဆင်ချိန်တွေ ပိုပြီး ရနေခဲ့ကြပါတယ်။ ဒီတော့ ကျနော်တို့ရဲ့ အခြေအနေကို ကျနော် လက်ခံပါတယ်။ ပွဲအစ ၅ မိနစ်၊ ၁၀ မိနစ်လောက်မှာ ကစားပွဲကို လေ့လာဖို့ လိုအပ်နေခဲ့ပါတယ်။

ဒါပေမယ့်လို့ ကျနော်တို့ ပိုကောင်းကောင်းလုပ်နိုင်တယ်လို့ ထင်မိနေဆဲပါ။ ဒါကြောင့်ပဲ ကျနော်တို့ ကြိုးစားနေတာပါ။ တိုးတက်လာဖို့ ကိုယ်ဘာသာ ဆက်ပြီး ကြိုးစားနေကြတာပါ။ နောက်ဆုံးရလဒ်တို့ နောက်လာမယ့် ရလဒ်တို့ကို မစဉ်းစားဘဲ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်ကိုပဲ စဉ်းစားပြီး ဘောလုံးကို အကောင်းဆုံး ကစားနိုင်ဖို့ ကြိုးစားရမှာပါ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ပွဲတွေမှာ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာတွေမှာ ပြင်းထန်စွာ အားထုတ်ရခြင်းကြောင့် အနည်းငယ် ရုန်းကန်ရမှုတွေ ရှိနေပေမယ့် တိုက်ခိုက်လိုစိတ်တွေကပဲ လီဗာပူးအသင်းကို ပုံစံကောင်းတွေ ဆက်ထိန်းဖို့ အကူအညီဖြစ်နေစေတာပဲ ဖြစ်ပါတယ်။