အာဆင်နယ်ကို ရင်ဆိုင်ရမယ့်ပွဲက စီးတီးနဲ့ အမှတ်ပေးဖလား ပြိုင်ဆိုင်နေမှုမှာ စိတ်ဓါတ်ပိုင်းအရ အရေးပါကြောင်း ကာရေဂါနဲ့ နဗီးတို့ ပြော

လွန်ခဲ့တဲ့ ၅၈ ရက်တုန်းက စီးတီးဟာ လီဗာပူးကို ၁၄ မှတ်ဖြတ်ထားခဲ့ပေမယ့် တနင်္လာနေ့က ခြေချော်မှုဖြစ်ခဲ့တယ်။ ယာဂင်ကလော့ပ်ရဲ့အသင်းက လက်ရှိ ချန်ပီယံတွေကို နာကျင်အောင် စတင်လုပ်နိုင်နေတဲ့ အခွင့်အရေးကို အရယူဖို့ ဂျေမီကာရေဂါက တိုက်တွန်းခဲ့ပါတယ်။

လီဗာပူးဟာ ဒီနေ့ အမ်းမရိတ်စ်မှာ ခက်ခဲတဲ့ စမ်းသပ်မှုတစ်ခုနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ရာသီမကုန်ခင် အီသီဟဒ်ကို သွားကစားရမယ့် နောက်ထပ် ခက်ခဲတဲ့ပွဲလည်း ရှိနေသေးတာပါ။ ခုလိုအချိန်မှာ စီးတီးနဲ့ တစ်မှတ်ပဲ ကွာဟအောင် လုပ်နိုင်တာက လီဗာပူးအတွက် တွန်းအားဖြစ်မယ်လို့ ကာရေဂါက မြင်ပါတယ်။

လီဗာပူးအသင်းဟာ ချန်ပီယံတွေကို အင်တိုက်အားတိုက် ဖိအားပေးနေပေမယ့် ပွဲစဉ်ဇယားတွေအရ စီးတီးက အနည်းငယ် အသာရနေဆဲဖြစ်လို့ ဘာမှ တပ်အပ်ပြောလို့ မရပါဘူး။

“ အာဆင်နယ်နဲ့ပွဲက လုံးဝ အရေးပါမယ်လို့ ကျွန်တော် ခံစားရတယ်။ လီဗာပူးက အာဆင်နယ်ကို အနိုင်ရရင် စီးတီးကို တကယ် ထိခိုက်နာကျင်စေမယ်လို့ ကျွန်တော်ထင်တယ်။ အာဆင်နယ် အဝေးကွင်းနဲ့ မန်စီးတီး အဝေးကွင်းပွဲတွေက လီဗာပူးရဲ့ ပွဲစဉ်စာရင်းမှာ ကြီးမားတဲ့ ပြဿနာ နှစ်ခုပါ။

အခု မန်စီးတီးက အိမ်ကနေ စောင့်ကြည့်နေတယ်။ လီဗာပူးက အာဆင်နယ်ကို အနိုင်ရပြီး သူတို့နဲ့ တစ်မှတ်ပဲ ကွာသွားပြီးရင် အဲ့ဒီ့နောက် ဝက်ဖို့ဒ်နဲ့ ကစားရမယ်။ ဝက်ဖို့ဒ်ကို အနိုင်ရဖို့ မျှော်လင့်ရပါတယ်” လို့ ကာရေဂါက ဆိုခဲ့တယ်။

လီဗာပူးဟာ အာဆင်နယ်နဲ့ ရင်ဆိုင်ပြီး မှတ်တမ်းကောင်းတစ်ခု ရှိထားပေမယ့် ဂန်းနားတွေက ထိပ်ဆုံးလေးနေရာအတွက် တိုက်ပွဲဝင်နေပြီး နောက်ဆုံး လိဂ် ၅ ပွဲဆက် အနိုင်ရခဲ့တာပါ။ ဒါပေမယ့် လီဗာပူးက လိဂ် နောက်ဆုံး ၈ ပွဲကို အနိုင်ရခဲ့သလို သူတို့ရဲ့ မှတ်တမ်းက ပိုပြီးကောင်းမွန်ပါတယ်။

အခြေအနေက လီဗာပူးဘက်က သာနေတယ်လို့ ဂယ်ရီနဗီးကလည်း ယုံကြည်နေပြီး ယာဂင်ကလော့ပ်က တိုက်စစ်မှာ ရွေးချယ်စရာတွေ ရှိတာက ဒီရာသီ ဖလားပြိုင်ပွဲမှာ ကွဲပြားသွားစေနိုင်တယ်လို့ ထင်မြင်နေပါတယ်။

“ လီဗာပူးက တကယ်ကို အန္တရာယ်ရှိတယ်။ တကယ်ကို အန္တရာယ် ပေးနိုင်ပါတယ်။ သူတို့မှာရှိတဲ့ တိုက်စစ်မှူး ၅ ယောက်နဲ့ ရာသီနှောင်းပိုင်းကို စဉ်းစားကြည့်ရင် သူတို့ဟာ ပွဲတွေအများကြီးကို အနိုင်ယူနိုင်တယ်ဆိုတာ သိသာပါတယ်။ စီးတီးရဲ့ တိုက်စစ်ပိုင်းမှာတော့ အဲ့ဒီ့လိုမျိုး ကြွယ်ဝမှု ရှိမနေဘူး ” လို့ နဗီးက ဆိုခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးဟာ အမ်းမရိတ်စ်မှာ အာဆင်နယ်ကို အနိုင်ရရင် မန်စီးတီးနဲ့ တစ်မှတ်ပဲ ကွာဟသွားမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ဖလား ပြိုင်ပွဲ နောက်ထပ် အချိုးအကွေ့ တစ်ခု ထပ်ရောက်လာခဲ့ပြီလားဆိုတာ ဒီကနေ့ညမှာ မြင်တွေ့ရတော့မှာပဲဖြစ်ပါတယ်။