အဝေးကွင်း နောက်ဆုံးပွဲအဖြစ် အင်အားပြခဲ့ကြတဲ့ ချယ်ဆီး ပရိသတ်များနဲ့ မိုဗစ်ချ်အတွက် အားပေးမှု

မနေ့ည က ကစားခဲ့တဲ့ နောဝှစ်ခ်ျ နဲ့ပွဲမှာ ဧည့်သည် ချယ်ဆီး အသင်း ဟာ ပွဲချိန် အများစုကို သက်တောင့်သက်သာ ကစားရင်း ၃ဂိုး ၁ဂိုးနဲ့ အနိုင် ရခဲ့ပါတယ်။ ချယ်ဆီးအတွက် ဂိုးတွေကို ချာလိုဘတ်၊ မေဆန်မောင့်နဲ့ ကိုင်ဟာဗက်ဇ်တို့က သွင်းယူခဲ့တာပါ။

ထိုပွဲ မတိုင်မီ နေ့ဝက် အလိုမှာ ဗြိတိန် အစိုးရမှ လက်ရှိ ချယ်ဆီး အသင်း ပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ခ်ျ ကို စီးပွားရေး အရ ပိတ်ဆို့ အရေးယူမှုတွေ လုပ်လိုက်ကြောင်း တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဒါဟာ ပွဲအတွက် ကြိုတင် ပြင်ဆင်ရတဲ့ ချယ်ဆီး နည်းပြ သောမတ်စ် တူချယ်နဲ့ အသင်းသားတွေ အဖို့ ကြီးကြီးမားမား စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။

ပွဲမစခင်ကလည်း ဒီ လို ပိတ်ပင်မှု တွေကြောင့်ပဲ ချယ်ဆီးအသင်းဟာ အမှတ်ပေးဇယား အောက်ဆုံးက နောဝှစ်ခ်ျကို တောင် အနိုင်ရဖို့ မလွယ်ဘူးလို့ ယူဆခဲ့ကြပေမယ့် ချယ်ဆီး အသင်းသားတွေဟာ အပြင်က ကိစ္စတွေနဲ့ ကွင်းတွင်း စွမ်းဆောင်ရည်ကို ခွဲထားနိုင်ခဲ့ပါတယ်။

ဒီပွဲရဲ့ ပွဲချိန် အများစုမှာ အိမ်ရှင် နောဝှစ်ခ်ျ ပရိသတ်တွေရဲ့ အားပေးမှုထက် အဝေးကွင်း အထိ လာရောက် အားပေးခဲ့တဲ့ ချယ်ဆီးပရိသတ် အနည်းစုရဲ့ အားပေးသံက နောဝှစ်ခ်ျ အိမ်ကွင်း Carrow Road တခုလုံး ပြန့်လွင့်ခဲ့တာကို တွေ့ရပါတယ်။

ဗြိတိန်ရဲ့ ပိတ်ပင်မှုအရ ချယ်ဆီးပရိသတ်တွေ အဖို့ အဝေးကွင်းမှာ ဒါနောက်ဆုံးသော အင်အားပြမှု ဖြစ်လာနိုင်တယ် လို့ ဆိုရမှာပါ ။ အထူးသဖြင့် ကလပ် အနေနဲ့ လက်မှတ် အသစ်တွေ ထုတ်ရောင်းခွင့် မရှိတော့တာကြောင့် ချယ်ဆီးပရိသတ်တွေဟာ မနေ့ည က ပွဲကို ၎င်းတို့ရဲ့ နောက်ဆုံးပွဲ အဖြစ်နဲ့ သဘောထားပြီး ပြင်းပြင်းထန်ထန် အားပေးခဲ့ကြပါတယ်။

လာမယ့် ချယ်ဆီးအသင်းရဲ့ ပွဲတွေမှာ တရာသီစာ လက်မှတ် ကြိုဖြတ်ထားတဲ့ ပရိသတ်တွေကိုသာ မြင်တွေ့ရဖို့ ရှိတဲ့နောက် မနေ့ည က ပွဲမှာ အဝေးကွင်း ချယ်ဆီး ပရိသတ်တွေဟာ အသားကုန် အားပေးခဲ့ကြပြီး ဗြိတိန်က ပိတ်ဆို့ အရေးယူခဲ့တဲ့ ၎င်းတို့ရဲ့ အသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျရဲ့ နာမည်ကိုလည်း သံပြိုင် သီဆိုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဘန်လေနဲ့ ပွဲမှာလည်း ချယ်ဆီးအဝေးကွင်း ပရိသတ်တွေ ဒီလို သီဆိုမှုကြောင့် ဝေဖန် ရှုံ့ချမှု များစွာ ခံခဲ့ရပေမယ့် ၎င်းတို့ဟာ ဒါတွေကို ဂရုမစိုက်ဘဲ မနေ့ညက ပွဲရဲ့ ပွဲချိန် အတွင်းမှာတောင် ထပ်တိုးလို့ သီဆိုခဲ့ကြပါတယ်။ ဒီအပေါ် အိမ်ရှင် နောဝှစ်ခ်ျ ပရိသတ်တွေကတော့ boo လုပ် ရှုံ့ချခဲ့ကြပါတယ်။