BREAKING: ချယ်ဆီးအသင်း ရောင်းချခွင့်အပြင်၊ ဂျာစီနဲ့ ပွဲလက်မှတ် ရောင်းချခွင့်တွေပါ ပိတ်ခံရပါပြီ

ချယ်ဆီးအသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ဟာ ဗြိတိန်အစိုးရရဲ့ ယူကရိန်းအရေး sanction တွေထဲ ပါဝင်သွားခဲ့ပြီး အသင်းကို ရောင်းချခွင့်ပါ ပိတ်ခံလိုက်ရပါပြီ။

ဒီကနေ့မှာပဲ ဗြိတိန်ဘက်က ချယ်ဆီးအသင်းပိုင်ရှင်ကို တစ်ဦးချင်း ပိတ်ပင်တဲ့ လုပ်ငန်ရှင် (၇) ဦးထဲက တစ်ဦးအဖြစ် ကြေညာသွားခဲ့တာပါ။ ကြွယ်ဝတဲ့ ဘီလျံနာ များစွာက ဥရောပချန်ပီယံအသင်းကို ဝယ်ယူဖို့ စိတ်ဝင်စားနေပေမယ့် အသင်းပိုင်ရှင် အေဘရာမိုဗစ် sanction ထိခဲ့တာကြောင့် ကလပ်ကို ရောင်းချလို့ပါ မရတော့ဘူးလို့ သိရတယ်။

ပိုဆိုးရွားတဲ့ အနေအထားအဖြစ် ချယ်ဆီးအသင်းဟာ ပွဲနေ့ လက်မှတ်တွေကို ရောင်းချခွင့် မရတော့ဘဲ လက်တလောမှာ တစ်ရာသီစာ လက်မှတ် ဝယ်ယူထားသူတွေလောက်ပဲ ပွဲကို တက်ရောက် ကြည့်ရှုခွင့်ရမှာဖြစ်ပါတယ်။ အသင်းဂျာစီရောင်းချခွင့်နဲ့ သက်တမ်းတိုး စာချုပ်တွေကိုလည်း လုပ်ဆောင်ခွင့် မရှိဘူးလို့ ဖော်ပြနေကြတယ်။

ချယ်ဆီးအသင်းကို အားကစားဆိုင်ရာ အထူးလိုင်စင်တစ်ခုနဲ့ ဆက် run ဖို့တော့ ခွင့်ပြုမှာဖြစ်ပေမယ့် အခုလို အကြီးစား ပိတ်ပင်မှုတွေက ကလပ်ကို ကြီးကြီးမားမား ထိခိုက်သွားစေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်ကပဲ အခုလို ပိတ်ပင်မှုတွေ ရှိလာမယ်ဆိုတာကို နားလည်ထားတာကြောင့် အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်က ချယ်ဆီး အသင်းကို ရောင်းချတော့မယ်လို့ တရားဝင် ကြေငြာထားခဲ့တာပါ။ ကလပ်အသင်းကို ဝယ်ယူဖို့ ဝယ်လက် ၁၀ ဦး/ အဖွဲ့ လောက်က စိတ်ဝင်စား မေးမြန်းထားခဲ့ကြပါတယ်။

ဒါပေမယ့် အားလုံးက လာမယ့် အပတ်လောက်မှ ပိတ်ပင်မှုတွေ ဖြစ်လာမယ်လို့ ယူဆခဲ့ပြီး အခုလို မြန်မြန်ဆန်ဆန်ကြီး ဖြစ်လာမယ်တော့ မထင်ခဲ့ကြပါဘူး။ ဒီအခြေအနေကို ကလပ်ဘက်က ဘယ်လိုလုပ်မယ်ဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပြီး အခြေအနေတွေက အဆိုးဆုံးကို ဖြစ်မလာဖို့တော့ ဆုတောင်းနေရတော့မှာပါ။