ချဲလ်ဆီးနဲ့ ထူးစရာ မရှိတော့လို့ ကိုပါအမေရိကဖလား အမှီ ရည်ရွယ်ပြီး ခွဲစိတ်ကုသမှု လုပ်ခဲ့တဲ့ အန်ဇို ဖာနန်ဒက်စ်

ချဲလ်ဆီးကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ဟာ ပေါင်ခြံဒဏ်ရာကို ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရပြီးနောက် ရာသီအကုန်အထိ အနားယူရတော့မှာ ဖြစ်ပါတယ်။

အန်ဇို က ကိုပါအမေရိကဖလား အမှီ ပြန်လာနိုင်ဖို့ အတွက် ရာသီကုန်ထိ မစောင့်ဘဲ ခွဲစိတ်ကုသမှုပြုလုပ်ခဲ့တာပါ။

အသက် ၂၃ နှစ် အရွယ် အာဂျင်တီးနား ကွင်းလယ် ကစားသမားဟာ ချဲလ်ဆီးရဲ့ ၂၀၂၃-၂၄ ပရီးမီးယားလိဂ်ရာသီလက်ကျန်ပွဲများ အကုန် လွဲချော်သွားပါမယ်။

အာဂျင်တီးနားသတင်းဌာန Oleရဲ့ ဖော်ပြချက်အရ အန်ဇိုဟာ ပေါင်ခြံမှာ နာကျင်မှုခံစားနေရတာ တစ်လကျော်ကြာနေပြီလို့ သိရပါတယ်။ ကမ္ဘာ့ဖလားပိုင်ရှင်ဟာ ၃ပတ်လောက်အကြာမှာ ပြန်ကောင်းမှာဖြစ်လို့ ကိုပါအမေရိကဖလားအမီ ပြန်ကောင်းလာမယ်လို့ မျှော်လင့်ရပါတယ်။

ချဲလ်ဆီးဆေးအဖွဲ့ကတော့ အန်ဇိုရဲ့ဒဏ်ရာဟာ ခွဲစိတ်ဖို့မလိုဘူးလို့ ကနဦး မှတ်ချက်ပေးခဲ့ပေမယ့် အာဂျင်တီးနားဆရာဝန်တွေနဲ့ ဆွေးနွေးပြီးနောက် ကစားသမားဟာ ခွဲစိတ်ကုသမှုလုပ်ဖို့ လိုအပ်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာလည်း အက်ဖ်အေဖလားက ထွက်ခဲ့ရပြီးနောက် ယှဉ်ပြိုင်စရာ မျှော်လင့်ချက် မရှိတော့တာကြောင့် ၂၃နှစ်သားကို ခွဲစိတ်ကုသမှုခံယူစေတာက အကြံကောင်းဖြစ်တယ်လို့ အားလုံးက သဘောတူခဲ့ကြပါတယ်။

အန်ဇိုဖာနန်ဒက်ဇ်ဟာ အဲဗာတန်ကို ၆ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲစဉ်ကို လွဲချော်ခဲ့ပေမယ့် မန်စီးတီး၊ အာဆင်နယ်တို့နဲ့ ပွဲစဉ်တွေမှာ ပွဲထွက် ပါဝင်ကစားခဲ့ပါတယ်။ အာဂျင်တီးနားကွင်းလယ်လူဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီက ပေါင်၁၀၇သန်းနဲ့ ရောက်လာပြီးနောက် ချဲလ်ဆီးအတွက် ပရီးမီးယားလိဂ် ၃ဂိုးသွင်းကာ ၄ဂိုး ဖန်တီးထားခဲ့ပါတယ်။