ဘာစီလိုနာထံ အငှားလွှတ်ထားတဲ့ ကန်ဆယ်လိုရဲ့အနာဂတ်နဲ့ ပတ်သတ်ပြီး ပက်ဂွာဒီယိုလာ ရဲ့ ပလန်

မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက ဘာစီလိုနာထံအငှားချထားတဲ့ အသင်းရဲ့နောက်ခံလူ ကန်ဆယ်လိုရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အခုချိန်အထိ ဆုံးဖြတ်ချက်တစ်စုံတစ်ရာ မချမှတ်ရသေးကြောင်းနဲ့ ရာသီကုန်အထိ စောင့်ကြည့်သွားရဦးမှာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ကန်ဆယ်လိုဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကတည်းက မန်စီးတီးအတွက် ကစားခွင့်မရခဲ့ဘဲ ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာအသင်းတွေထံ အငှားစာချုပ်နဲ့ ထွက်ခွာလာခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ကစားသမားဟာ ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ်တို့ကို ရှုူံးနိမ့်ခဲ့တဲ့ပွဲစဉ်တွေမှာ ခြေစွမ်းမပြသနိုင်ခဲ့ကြောင့် ဘာစီလိုနာပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။

ယမန်နေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကန်ဆယ်လိုရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ပက်ဂွါဒီယိုလာက “ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။ ရာသီကုန်မှာတော့သိရမှာပါ” လို့ပြောကြားခဲ့ပါတယ်။

၂၀၁၉ မှာ ဂျူဗင်တပ်စ်ကနေ မန်စီးတီးသို့စတင်ပြောင်းရွှေ့လာခဲ့တဲ့ ကန်ဆယ်လိုဟာ တောက်ပတဲ့ခြေစွမ်းတွေနဲ့အတူ ၃ ရာသီဆက်တိုက် အသင်းရဲ့ အဓိက ကစားသမားအဖြစ် ပါဝင်ထားနိုင်တာဖြစ်ပါတယ်။

ထို့နောက်မှာတော့ ပေါ်တူဂီလက်ရွေးစင်ကစားသမားဟာ အသင်းနည်းပြ ပက်ဂွါဒီယိုလာနဲ့ သဘောထားမတိုက်ဆိုင်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် အသင်းရဲ့လူစာရင်းကနေ ချန်လှပ်ခံရတဲ့အထိ ပြဿနာကြီးမားခဲ့တာဖြစ်ပါတယ်။

သတင်းတွေအရ ကန်ဆယ်လိုဟာ အသင်းရဲ့အစည်းအဝေးအတွင်း ဂွါဒီယိုလာစကားပြောဆိုနေစဉ်မှာ နားကြပ်နဲ့သီချင်းနားထောင်နေခဲ့တယ်လို့သိရပါတယ်။ ကန်ဆယ်လိုဟာ ဘိုင်ယန်မြူးနစ်သို့အငှားချမခံရမီ ၂၀၂၂ ခုနှစ်အတွင်းမှာ မန်စီးတီးနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆိုထားတာလည်းဖြစ်ပါတယ်။

ပေါ်တူဂီသားဟာ ယခုအခါမှာတော့ ဘာစီလိုနာနဲ့ ရာသီကုန်မှာ အငှားစာချုပ်ကုန်ဆုံးမှာဖြစ်သော်လည်း ဇာဗီရဲ့အသင်းမှာ နောက်ထပ် ၂ နှစ်၊ ၃ နှစ်လောက်အထိ ဆက်လက် နေထိုင်လိုတယ်လို့ ပြောကြားထားပါတယ်။