ချဲလ်ဆီး ကစားသမား တစ်ဦးကို အထင်ကြီး ချီးကျူးခဲ့ပြီးမှ အရှက်တကွဲ ဖြစ်သွားရတဲ့ ဂျိုကိုးလ်

မနေ့ညက အမ်းမရိတ်စ်မှာ ကစားခဲ့တဲ့ အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ရဲ့ပွဲစဉ်မှာ ဂန်းနားတွေက ၅-၀ နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီးနောက် ချဲလ်ဆီးကြယ်ပွင့်ဟောင်း ဂျိုကိုးလ် အတွကေ်တာ့ ဒီပွဲ ရလဒ်က လက်မခံနိုင်စရာ၊ အရှက်ရစရာဖြစ်ခဲ့ပါတယ်။

ချဲလ်ဆီးကြယ်ပွင့်ဟောင်း ဂျိုးကိုးက စတမ်းဖို့ဒ် ဘရစ်ချ်မှာ ခြေစွမ်းမပြသနိုင်တဲ့ မိုင်ခေလို မာဒရစ်ခ်က အာဆင်နယ်က ခေါ်ယူခဲ့တဲ့ ထရော့ဆတ် ထက် ပိုမိုကောင်းမွန်တဲ့ ဝယ်ယူမှုဖြစ်နိုင်သေးတယ်လို့ မြောက်လန်ဒန်က ပွဲမတိုင်ခင်မှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

မာဒရစ်ခ်ဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ပထမဆုံး ရာသီအပြည့်ကို ခက်ခက်ခဲခဲ ဖြတ်သန်းနေရတာဖြစ်ပြီး ပရီးမီးယားလိဂ် ၂၅ ပွဲမှာ ၄ ဂိုးသာ သွင်းယူထားနိုင်သေးတာ ဖြစ်ပါတယ်။

ချဲလ်ဆီးရော အာဆင်နယ်ပါ မာဒရစ်ခ်ကို ရှက်တာဒိုးနတ်ကနေ ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့်လည်း ယူကရိန်းတောင်ပံကစားသမားကို တော့ဒ်ဘိုလီရဲ့အသင်းက ငွေပုံပေးပြီး ကြားဖြတ် ခေါ်ယူသွားခဲ့တာဖြစ်ပါတယ်။

မာဒရစ်ခ်ကို မရခဲ့တဲ့နောက် အာဆင်နယ်က ထရော့ဆတ်ဘက်ကို အာရုံပြောင်းခဲ့ပြီး ဘရိုက်တန်ကနေ ဘယ်လ်ဂျီယမ်ကြယ်ပွင့်ကို ပေါင် ၂၇ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးကွင်းလယ်ကစားသမားဟောင်း ဂျိုးကိုးက ထရော့ဆတ် က အာတီတာရဲ့အသင်းအတွက် အရမ်းကောင်းတဲ့ အလုပ်ကို အလုပ်နိုင်ခဲ့တယ်လို့ ပြောဆိုခဲ့ပေမယ့်လည်း ရုန်းကန်နေရတဲ့ မာဒရစ်ခ်က ဂန်းနားကြယ်ပွင့်ကို ကျော်တက်နိုင်သေးတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ဘာကြောင့် အာဆင်နယ်ပရိသတ်တွေက သူတို့ ခေါ်ယူမှုက ပိုပြီးကောင်းမွန်တဲ့ခေါ်ယူမှုလို့ ထင်နေလဲဆိုတာကို ကျွန်တော် မြင်နိုင်ပါတယ်။ ဒါပေမယ့် အနာဂတ်မှာတော့ အဲဒီလိုဖြစ်တော့မှာမဟုတ်ပါဘူး။ ထရော့ဆတ် က အရမ်းကောင်းတဲ့အလုပ်ကို လုပ်နိုင်ခဲ့တယ်။ သူလုပ်နေတာတွေကို လုပ်ဖို့အတွက်ပဲ ခေါ်ယူခဲ့တာပါ။ ဒါပေမယ့် မာဒရစ်ခ်က ပိုပြီးကောင်းမွန်တဲ့ ဝယ်ယူမှုဖြစ်လာနိုင်သေးတယ်။

မိုင်ခေလို လေ့လာသင်ယူတာ၊ တိုးတက်တာ၊ ပိုပြီးကောင်းမွန်လာတာက ဘယ်လောက်အထိ ဖြစ်လာမလဲဆိုတဲ့အပေါ်မှာ အများကြီး မူတည်ပါလိမ့်မယ်။ သူက တောက်ပတဲ့ခြေစွမ်းတွေကို လှစ်ခနဲ ပြသခဲ့တယ်။ ယူကရိန်းလိဂ်ကနေ ပရီးမီးယားလိဂ်လို တောင်းဆိုမှု မြင့်မားတဲ့လိဂ်ကို ကြီးမားတဲ့ ခုန်ပျံကျော်လွှားမှု လုပ်ခဲ့ရတာပါ။ ချဲလ်ဆီးအတွက် ကစားပေးဖို့က တည်ငြိမ်မှုရအောင် လုပ်ဖို့ အချိန်မရှိဘူး”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။