ချယ်ဆီးကို မညှာမတာ ဂိုးပြတ်သိပ်ပြီးမှ ဘော်ဒါကြီး ပိုချက်တီနို အတွက် စိတ်မကောင်း ဖြစ်နေတဲ့ အာတီတာ

အာဆင်နယ် နဲ့ ချယ်ဆီးတို့ ဒီတပတ် ကြားရက်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲကတော့ ဂန်းနားတွေဟာ ချယ်ဆီးကို ၅ ဂိုး ထိ ဂိုးပြတ် သွင်းယူကာ အနိုင်ယူသွားပါတယ်။

အာဆင်နယ် နည်းပြ အာတီတာကတော့ လန်ဒန်ပြိုင်ဘက် အသင်းကို မညှာမတာ ဂိုးတွေ အပြတ်သွင်းပြီးမှ ပွဲ အပြီးမှ သူ့ ဘော်ဒါရင်းလည်း ဖြစ်တဲ့ ချယ်ဆီး နည်းပြ ပိုချက်တီနို အတွက် စိတ်မကောင်းဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

” ပိုချက်တီနို သေချာ အားထုတ်ခဲ့တယ်၊ ဘာတွေ ဘယ်လို ဖြတ်သန်းခဲ့ လုပ်ဆောင်ခဲ့တယ် ဆိုတာ အားလုံး မြင်နေကြတာပါပဲ။ တကယ်ပဲ ကျွန်တော် စာနာမိပါတယ်။ ခက်တာက ဒီနေ့ ကျွန်တော်က တခြားတဖက်မှာ (သူ့ပြိုင်ဘက်) ဖြစ်နေတယ်။

ကိုယ်သဘောကျ ချစ်ခင်ရတဲ့ သူ တစ်ယောက်ကို စနာမိကြောင်း ပြောနေရတာပါ။ သူ့ကို အကောင်းဆုံးတွေ ကျွန်တော်လည်း ရစေချင်ပါတယ်။

သူက တကယ်ကို ကောင်းကောင်း လုပ်ဆောင်နေတယ်။ သူတို့က ဒီပွဲပြီးတဲ့နောက် လက်ကျန် ၇ ပွဲ အားလုံး နိုင်ပွဲ ရဖို့ ထိုက်တန်ပါတယ်။ ” လို့ အာတီတာက ပြောဆိုခဲ့ပါတယ်။

အာတီတာနဲ့ ပိုချက်တီနို တို့ဟာ လွန်ခဲ့တဲ့ နှစ် ၂ဝ ကျော်က ပီအက်စ်ဂျီ မှာ အတူ ကစားဖူးတဲ့ အသင်းဖော်တွေ ဖြစ်သလို ကွင်းပြင်မှာလည်း ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်ကြပါတယ်။