လန်ဒန်ဒါဘီ ပြိုင်ဘက်ကို ၅ ဂိုးပြတ်တဲ့ထိ ရှုံးပေမယ့် မရှက်ပါဘူး ဆိုတဲ့ ချယ်ဆီး နည်းပြ ပိုချက်တီနို

ချယ်ဆီးနည်းပြ ပိုချက်တီနိုက ညက ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲမှာ မြို့ခံပြိုင်ဘက် အာဆင်နယ်ကို ၅-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်၊ ခြေပြတ် ရှုံးနိမ့်ခဲ့ပေမယ့် မရှက်ပါဘူးလို့ ပွဲပြီးအင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

မြို့ခံပြိုင်ဘက် အာဆင်နယ်ကို ၅-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ချယ်ဆီးရဲ့ ပရိသတ်တွေက ပိုချက်တီနိုနဲ့ ချယ်ဆီး အသင်းသားတွေကို ပြင်းပြင်းထန်ထန် ဝေဖန်နေကြပြီး ပိုချက်တီနိုကတော့ အဝေးကွင်းမှာ အခုလို ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ အပေါ် မရှက်သလို ဂိုးပြတ်ရှုံးပွဲ အတွက် ကစားသမားတွေကို အပြစ်တင်သွားမှာ မဟုတ်ဘူးလို့ ဆိုလာပါတယ်။

ပိုချက်တီနိုက – “ဒီနေ့ပွဲက ရှက်စရာကောင်းလားလို့ မေးရင် မဟုတ်ဘူးလို့ပဲ ဖြေပါမယ်။ ကျွန်တော့်ရဲ့ ကစားသမားတွေကို အဲ့ဒီစကားလုံး သုံးပြီး ဝေဖန်တာက မမျှတပါဘူး။ ကျွန်တော်က ကစားသမားတွေကို အပြစ်တင်သွားမှာ မဟုတ်ပါဘူး။

ကျွန်တော်တို့က ဆိုးရွားတဲ့ အခြေအနေတွေကို ရင်ဆိုင်ထားရတဲ့ လူငယ်လေးတွေကို ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် တိုက်ပွဲဝင်နေတဲ့ အသင်းနဲ့ ယှဉ်ကစားရတဲ့ အချိန်မှာ ရှုံးသွားလို့ ဆိုပြီး ဝေဖန်နေလို့ မရပါဘူး” လို့ ပြောကြားသွားခဲ့တာပါ။

ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် တိုက်ပွဲဝင်နေတဲ့ အာဆင်နယ်နဲ့ ဥရောပဝင်ခွင့် အတွက် တိုက်ပွဲဝင်နေတဲ့ ချယ်ဆီးတို့က ပရီးမီးယားလိဂ် ပွဲစဉ်(၃၄) အဖြစ် အာဆင်နယ်ရဲ့ အိမ်ကွင်း အမ်းမရိတ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြတာ ဖြစ်ပါတယ်။

အိမ်ရှင် အာဆင်နယ်က ချန်ပီယံဆု အတွက် အမှားခံလို့ မရတာကြောင့် အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာခဲ့ပြီး ပွဲချိန် ၄မိနစ်မှာတင် ထရော့ဆက်က အာဆင်နယ် အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ချယ်ဆီး ကတော့ ဂါလက်ချာ ၊ ကိုင်စီဒိုနဲ့ ဖာနန်ဒက်ဇ်တို့ကို ကွင်းလယ်မှာ အထိုင်ချပြီး မူဒရစ်ခ်၊ မာဒူအက်ခီတို့ရဲ့ လျင်မြန်တဲ့ တောင်ပံတွေကို သုံးကာ အာဆင်နယ်ကို ဒုက္ခပေးနိုင်ဖို့ စီစဉ်ခဲ့ပါတယ်။

ပိုချက်တီနိုက အဝေးကွင်းမှာ ရလဒ်ကောင်း တခု ရယူနိုင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် ဒီရာသီမှာ အသင်းရဲ့ မရှိမဖြစ် ကစားသမား အဖြစ် ခြေစွမ်းပြ ကစားနေတဲ့ ပါလ်မာ မပါဝင်နိုင်ချိန်မှာ ချယ်လ်ဆီးရဲ့ ကွင်းလယ်နဲ့ တိုက်စစ်က အချိတ်အဆက် ပြတ်တောက်နေခဲ့ပြီး အဝေးကွင်းမှာ ချယ်ဆီးဟာ အာဆင်နယ်တို့ ပြုသမျှ နုခဲ့ရပါတယ်။

အာဆင်နယ်ရဲ့ နောက်ထပ် အနိုင်ဂိုး ၄ဂိုးကိုတော့ ဒုတိယပိုင်းမှာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး အာဆင်နယ် အတွက် သွင်းဂိုးတွေကို ပွဲချိန် ၅၂မိနစ်နဲ့ ၇၀မိနစ်မှာ ကိုင် ဟားဗက်ဇ် ၊ ပွဲချိန် ၅၇မိနစ်နဲ့ ၆၅မိနစ်တို့မှာ ဘန်ဝှိုက်တို့က အသီးသီး သွင်းယူပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။