ထင်မထားလောက်တဲ့ထိ အမ်းမရိတ်မှာ ဂိုးပြတ်သွားတဲ့ ပွဲ.. ချယ်ဆီးတို့ ဘာတွေ မှားခဲ့ အားနည်းခဲ့တာလဲ

ဒီနှစ်သင်းရဲ့လက်ရှိခြေစွမ်းပိုင်းက ကွာခြားမှု ကြီးမားတာကြောင့် ချယ်ဆီး တို့ အမ်းမရိတ်စ်မှာ ရလဒ်ကောင်းမှာ မဟုတ်ဘူးလို့ ကြိုတင်တွေးထားမိပေမဲ့ ဒီလောက်ကြီးအထိ ဂိုးပြတ်သွားမယ်လို့တော့ မထင်ခဲ့ပါဘူး။

အခုပွဲမတိုင်ခင် ပရီးမီးယားလိဂ်နောက်ဆုံး ၈ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့တဲ့ ချယ်ဆီး အသင်းဟာ လန်ဒန်ဒါဘီပြိုင်ဘက် အာဆင်နယ်ကို အတိုင်းအတာတစ်ခုအထိ အပြန်အလှန်ကစားနိုင်ပေမဲ့ ခံစစ်နဲ့ ကွင်းလယ်ပိုင်း အားနည်းချက်တွေကြောင့် ဂိုးအလှူပေးပြီးတော့ ရှုံးပွဲတွေ့ခဲ့တာဖြစ်ပါတယ်။

ချယ်ဆီး အသင်းတိုက်စစ်ရဲ့ အဓိက ကစားသမား ပါလ်မာ မပါနိုင်တာကြောင့်လည်း တိုက်စစ်ကစားပုံ အားနည်းခဲ့သလို ဂယ်လက်ဂါဟာ ပါလ်မာအတွက်ပါ နှစ်ယောက်စာ ပိုရုန်းခဲ့ရပြီး တိုက်စစ်ဘယ်ခြမ်း၊ ညာခြမ်း၊ ကွင်းလယ်နေရာစုံကနေ ကစားပေးခဲ့ပါတယ်။

အာဆင်နယ်တောင်ပံတိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ ထရော့ဆာ့ဒ်နဲ့ဆာကာကို ချယ်ဆီး Full Backs တွေဖြစ်တဲ့ ဂေးလ်ခရစ်၊ ကူကာရယ်လာတို့ မထိန်းချုပ်နိုင်တဲ့အပြင် ဟာဗတ်ဇ်ကလည်း Wide Player ပုံစံနဲ့ တောင်ပံနှစ်ဖက်ကို ကူပေးခဲ့ပြီး ဒီကလန်ရိုက်စ်က ချယ်ဆီး အသင်း ပယ်နယ်တီဧရိယာအတွင်းအထိ တက်ပြီးတော့ တိုက်စစ်လိုက်ကစားခဲ့ပါတယ်။

ချယ်ဆီး ကွင်းလယ်က ပေါင်သန်း ၁၀၀ တန် ကစားသမားနှစ်ဦးဖြစ်တဲ့ အန်ဇိုဖာနန်ဒက်ဇ်၊ ကိုင်စီဒိုတို့ဟာ စိတ်ပျက်စရာကောင်းလောက်အောင် စွမ်းဆောင်ရည် ဆိုးရွားခဲ့တာကြောင့် အော်ဒီဂါဟာ တိုက်စစ်မှာ စိတ်ကြိုက်ကစားခွင့်ရခဲ့ပါတယ်။

ချယ်ဆီး ဘယ်ခြမ်းက မူဒရစ်ခ်ဟာ Form Out နေတာကြောင့် တိုက်စစ်လည်း မကောင်း၊ ခံစစ်ကိုလည်း မကူနိုင်တဲ့အတွက် ကူကာရယ်လာပါ ရုန်းကန်ခဲ့ရပြီး ဘန်ဝှိုက်ရဲ့ Overlapping တွေကို မထိန်းချုပ်နိုင်ခဲ့ပါဘူး။

ပွဲအစ ၄ မိနစ်မှာပဲ ထရော့ဆာ့ဒ်က အဖွင့်ဂိုး သွင်းခဲ့လို့ အာဆင်နယ် ဖိအားလျော့သွားခဲ့ပြီး မိနစ် ၂၀ ကျော်နောက်ပိုင်း ချယ်လ်ဆီးကစားအား တက်လာပါတယ်။

မန်စီးတီးနဲ့ပွဲတုန်းက အခွင့်အရေးတွေ ဖြုန်းတီးခဲ့တဲ့ နီကိုလက်စ်ဂျက်ဆင်ဟာ အခုပွဲမှာလည်း ထူးမခြားနားပုံစံအတိုင်းပဲ အပိုင်ဂိုးသွင်းခွင့် ၂ ကြိမ်ကို လွဲချော်ခဲ့ပြန်ပါတယ်။

ချယ်ဆီးအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်စေတာက ဒုတိယပိုင်းစလို့ မိနစ် ၂၀ အတွင်းမှာပဲ ဂိုးတွေဆက်တိုက်ပေးခဲ့ရတာဖြစ်ပြီး ၅၂ မိနစ်မှာ ဘန်ဝှိုက်၊ ၅၇ မိနစ်နဲ့ ၆၅ မိနစ်တွေမှာ ဟာဗတ်ဇ်က သူ့အသင်းဟောင်းကို ၂ ဂိုးသွင်းယူခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ချယ်ဆီး တို့ ကစားအားကျသွားတာကြောင့် မိနစ် ၇၀ မှာ ဘန်ဝှိုက်က ပဉ္စမဂိုးသွင်းခဲ့ပြီး အာဆင်နယ်တို့ အမ်းမရိတ်စ်မှာ ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။