အာဆင်နယ် – ချယ်ဆီး လန်ဒန်ဒါဘီ ပွဲစဉ် အတွက် ဆရာကြီး ပေါမာဆန် ဘယ်လို ကြိုတင် ဟောကိန်းထုတ်သလဲ

ဒီညမှာတော့ ချယ်ဆီးအသင်းက အာဆင်နယ် ကို အမ်းမရိတ်မှာ သွားရောက် ရင်ဆိုင်ပြီး လန်ဒန်ဒါဘီ ပွဲ ကစားရမှာပါ။ ပွဲကတော့ ဒီနေ့ အင်္ဂါနေ့ည ၁နာရီခွဲ အချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ဂန်းနားဟောင်းကြီး ပေါမာဆန် က အာဆင်နယ် – ချယ်ဆီး ပွဲစဉ် အတွက် ကြိုတင် သုံးသပ် ခန့်မှန်းချက် ထုတ်ထားပြီ ဖြစ်ပါတယ်။

ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်

မနှစ်တုန်းက အမ်းမရိတ်မှာ ချယ်ဆီးက အာဆင်နယ်ကို မလှန်နိုင်ခဲ့ပါဘူး။ ဒီတစ်ကြိမ်မှာလည်း တူညီတဲ့ ရလဒ်မျိုး ထွက်ပေါ်ပြီး အမှတ်ပေးဇယားမှာ မန်စီးတီးကို ၄ မှတ် ဖြတ်ထားနိုင်ဖို့ အာဆင်နယ်တို့ မျှော်လင့်နေမှာပါ။

အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ချယ်ဆီးက မန်စီးတီးကို အနိုင်မရခဲ့ဘူး။ အဲ့ရလဒ်က သူတို့ရဲ့ အတွေးကို စိုးမိုးနေပါလိမ့်မယ်။ သူတို့ ကစားပုံ ကောင်းပေမယ့် ရှုံးနိမ့်ခဲ့တယ်။ ကိုးလ်ပါလ်မာ အပါအဝင် ဒဏ်ရာ ပြဿနာတွေကိုလည်း ရင်ဆိုင်နေရပါတယ်။

ပါလ်မာက ဦးနှောက်ကောင်းတဲ့ ကစားသမားဖြစ်ပြီး တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုထဲတောင် ဒီကလန်ရိုက်စ်၊ ဗန်ဒိုက်၊ ဖိုဒန်တို့နဲ့အတူ ပါဝင်နိုင်သင့်သူပါ။

အာဆင်နယ်က စိတ်ရှည်ဖို့ လိုပါတယ်။ အက်စတွန်ဗီလာကို ရင်ဆိုင်တုန်းကလို ခံစစ် မပွင့်သွားဖို့လိုတယ်။ ချယ်ဆီးက ပွဲကောင်းတစ်ပွဲ ဖြစ်စေမှာဖြစ်သလို အာဆင်နယ်ကို မိနစ် ၉၀ အပြည့် စိတ်ဆင်းရဲအောင် လုပ်မှာပါ။ ဒါတွေကို ဂရုမထားဘဲ အာဆင်နယ်ဘက်က ပုံမှန်လို ကစားနိုင်ရပါမယ်။

လာမယ့် ၂ ပွဲကို အာဆင်နယ်အသင်း အနိုင်ရမယ်ဆိုရင် စီးတီးဟာ အခုကနေ ရာသီကုန်ထိ ချန်ပီယံဖြစ်ရေး ပြီးပြည့်စုံနေမှ ရပါတော့မယ်။ ဒီနေ့ပွဲကို အာဆင်နယ် နိုင်ခဲ့ရင် ဂွာဒီယိုလာရဲ့ အသင်းကို လက်ကျန်ပွဲတွေ နိုင်မှဖြစ်မယ်ဆိုတဲ့ ဖိအားကြီး ပေးနိုင်မှာပဲ ဖြစ်ပါတယ်။

ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ်

အာဆင်နယ် ၂-၁ ချယ်ဆီး ဖြစ်ပါတယ်။