ဒီည ကန်မယ့် အာဆင်နယ် – ချယ်ဆီး လန်ဒန်ဒါဘီပွဲ ဘယ်လို ရလဒ်ထွက်မလဲ ခရစ်ဆက်တန် ဟောကိန်းထုတ်

ဒီ ကြားရက်မှာတော့ ပရီးမီးယားလိဂ် ပွဲတွေ ယှဉ်ပြိုင် ကစားကြဖို့ ရှိနေပြီး ချယ်ဆီးအသင်းကတော့ အမ်းမရိတ်မှာ အာဆင်နယ် ကို လန်ဒန်ဒါဘီပွဲ အဖြစ် သွားရောက် ရင်ဆိုင်ရတော့မှာပါ။

ပွဲကတော့ ဒီနေ့ အင်္ဂါနေ့ ည မြန်မာစံတော်ချိန် ၁း၃ဝ နာရီ အချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန် က အာဆင်နယ် – ချယ်ဆီး ပွဲစဉ် အတွက် အခုလို ကြိုတင် သုံးသပ် ခန့်မှန်းထားပါတယ်။

ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်

အာဆင်နယ် အသင်းက တကယ်ကို ဆိုးဝါးခဲ့တဲ့ သီတင်းပတ်ကနေ ရုန်းထပြီး စနေနေ့တုန်းက ဝုဗ်ကို သက်တောင့်သက်သာနဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တဖက်မှာ ချယ်ဆီးကတော့ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်သည့်တိုင် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲမှာ မန်ချက်စတာ စီးတီးကို အရေးနိမ့်ခဲ့တာပါ။

ဒါကြောင့် ဒီပွဲက ဂန်းနားတွေ အတွက် အန္တရာယ်ကြီးမယ့်ပွဲလို့ ခံစားမိနေပါတယ်။ ကလပ် နှစ်သင်းကြား ပြိုင်ဘက်တွေ ဖြစ်နေတဲ့ သမိုင်းနောက်ခံတွေကလည်း ဒီပွဲမှာ သက်ရောက်မှု ကြီးပါမယ်။

ချယ်ဆီးက အောက်တိုဘာလတုန်းက စတန်းဖို့ ဘရစ်ချ်မှာ နိုင်ပွဲ ရကောင်း ရသင့်ခဲ့တာပါ။ ဒါပေမယ့် နောက်ကျမှ အာဆင်နယ် ကို ချေပဂိုး ၂ ဂိုး ပြန် ခွင့်ပြုခဲ့ရတာကြောင့် သရေကျခဲ့ပါတယ်။

ချယ်ဆီးကလည်း နည်းပြ ပိုချက်တီနို လက်အောက်မှာ တိုးတက်ရိပ်တွေ ရှိပါတယ်။ ဒါပေမယ့် သူတို့မှာက ကိုယ့်ဘာသာ ဒုက္ခပြန်ပေးတတ်တဲ့ အကျင့်ဆိုးတွေက ရှိနေပြန်ပါတယ်။

ဒီတော့ ဒီပွဲမှာ အာဆင်နယ်ပဲ နိုင်ပွဲ ရအောင် ရှာဖွေသွားနိုင်မယ် လို့ ကျွန်တော် ရွေးချယ်ချင်ပါတယ်။ ပွဲ ကတော့ အတော်ကြီး ကျဉ်းမြောင်းတဲ့ ဂိုးရလဒ်နဲ့ ဖြစ်မှာပါ။

ခရစ်ဆက်တန်ရဲ့ ပွဲ ခန့်မှန်းရလဒ်

အာဆင်နယ် ၂-၁ ချယ်ဆီး ဖြစ်ပါတယ်။