ချယ်ဆီးအသင်း ကစားပုံက မန်စီးတီးထက်တောင် ပိုကောင်းပါတယ် လို့ မချင့်မရဲ ဆိုနေတဲ့ ပိုချက်တီနို

ချယ်ဆီးနည်းပြ ပိုချက်တီနိုကတော့ ပြီးခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲမှာ အနိုင်ရ၊ ဗိုလ်လုပွဲ တက်သွားတဲ့ မန်စီးတီးထက် ချယ်ဆီး အသင်း ကစား ပုံက ပို ကောင်းမွန်ခဲ့တယ် လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ချယ်ဆီး ကစားပုံ သာပေမယ့် ဂိုး အဆုံးသတ်နိုင်မှု အားနည်းလွန်းလို့သာ ဒီလို ရလဒ် ထွက်ပေါ်ခဲ့တာ လို့ နည်းပြ ပိုချက်က ဆိုခဲ့တာပါ။

“ဒီပွဲက ကျွန်တော်တို့အသင်းက အနည်းငယ် ပိုကောင်းခဲ့ပြီး အခုရလဒ်ထက် ပိုမို ထိုက်တန်တယ်လို့ ထင်မိပါတယ်။ ဒါပေမယ့် ဒါက ထိုက်တန်မှုအကြောင်းတော့ မဟုတ်ပါဘူး။ ဒါက အဆုံးသတ် မကောင်းမွန်တဲ့ အကြောင်းပါပဲ။

မန်စီးတီးလို အသင်းမျိုးနဲ့ အကောင်းဆုံး ယှဉ်ကစားနိုင်ခဲ့တာ အရမ်းကောင်းတယ်လို့ ထင်ပါတယ်။ လွယ်တော့မလွယ်ကူပေမယ့်လည်း တကယ်ကို ကောင်းကောင်း ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။” လို့ ပိုချက်တီနို ပြောဆိုသွားခဲ့ပါတယ်။

ဒီရာသီမှ ချယ်ဆီးအသင်းနဲ့ စတင် လက်တွဲခဲ့တဲ့ နည်းပြ ပိုချက်တီနိုက အသင်းကို ပြည်တွင်းပြိုင်ပွဲ (၂)ခုလုံး ဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်အဆင့်တွေထိ ပို့ဆောင်ထားနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာတော့ အဆင့်(၉)နေရာထိ ရောက်ရှိနေပါတယ်။

လက်ရှိအခြေအနေတွေအရ ချယ်ဆီးအသင်းဟာ လက်ကျန် အမှတ်ပေးပွဲတွေကို အနိုင်ယူရင်း ဥရောပဝင်ခွင့်ကို မျှော်မှန်းရဖွယ် ရှိနေပါတယ်။