နောက်ဆုံး တစ်ခုတည်းကျန်တဲ့ လမ်းကြောင်းကပဲ ဥရောပဝင်ခွင့် ရအောင် လုပ်မယ် ဆိုတဲ့ ပိုချက်တီနို

ချယ်ဆီးအသင်း နည်းပြ ပိုချက်တီနိုက သူ့အသင်းဟာ ပြည်တွင်း ရှုံးထွက်ဖလား ပြိုင်ပွဲတွေကနေ ထွက်ခွာလိုက်ရပြီဖြစ်လို့ တစ်ခုတည်းသာ ကျန်တဲ့ လမ်းကြောင်း ဖြစ်တဲ့ ပရီးမီးယားလိဂ် အမှတ်ပေးပြိုင်ပွဲကနေ တစ်ဆင့်ပဲ ဥရောပဝင်ခွင့်ကို ရယူသွားဖို့ ဆက်လက် အာရုံစိုက်သွားမယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ နည်းပြ ပိုချက်တီနိုလက်ထက် ဒီရာသီထဲ လိဂ်ဖလား ဖိုင်နယ်နဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အထိ တက်လှမ်းခဲ့ပေမယ့်လည်း လိဂ်ဖလားမှာ လီဗာပူးလ်ကို ရှုံးခဲ့ရသလို အက်ဖ်အေဖလားမှာလည်း မန်စီးတီးကို အရေးနိမ့်ရင်း ဆုဖလားတွေနဲ့ လက်လွတ်ခဲ့ရပါတယ်။

ပိုချက်တီနိုရဲ့ ချယ်ဆီးအသင်းက လက်ရှိ ပရီးမီးယားလိဂ်မှာ အဆင့်(၉)နေရာအထိ ရောက်ရှိနေတာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကထက် ပြည်တွင်း ရှုံးထွက်ပြိုင်ပွဲတစ်ခုခုကနေသာ ဥရောပဝင်ခွင့်ကို ရယူဖို့က ပိုပြီး ဖြစ်နိုင်ခြေ များခဲ့ရပါတယ်။

ပရီးမီးယားလိဂ်မှာက ချယ်ဆီးဟာ ဝုလ်ဗ်ကို ရှုံးနိမ့်ခဲ့ရတဲ့ ဖေဖော်ဝါရီလ အစပိုင်းကနေ လက်ရှိအထိ လုံးဝ ရှုံးပွဲမရှိသေးပေမယ့် နိုင်သင့်တဲ့ပွဲတွေ သရေရလဒ်သာ ထွက်ပေါ်ခဲ့ရတာကတော့ အသင်းကို အတော်လေး နစ်နာစေခဲ့ရပါတယ်။

ဒါ့အပြင် လီဗာပူးလ်နဲ့ လိဂ်ဖလား ဖိုင်နယ်ပွဲအပြင် မန်စီးတီးနဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲတွေမှာလည်း အသေအချာ ကစားနိုင်ပေမယ့် နိုင်ပွဲတွေ မရခဲ့ပဲ ဖလားတွေနဲ့ ကင်းကွာခဲ့ရပါတယ်။

ချယ်ဆီးက ဒီရာသီမှာ ဥရောပပြိုင်ပွဲတွေလည်း ကစားခွင့်မရခဲ့သလို ပရီးမီးယားလိဂ်မှာဆိုရင်လည်း ရုန်းကန်နေရတာကြောင့် ဆုဖလား မျှော်လင့်ချက်နဲ့ ဥရောပဝင်ခွင့် မျှော်လင့်ချက်တွေအတွက် ပြည်တွင်း ရှုံးထွက်ဖလားတွေကနေသာ မျှော်လင့်ခွင့်က ပိုရှိနေတာ ဖြစ်ပါတယ်။

အဲ့ဒီလို အခြေအနေကြောင့် ချယ်ဆီးက ပြည်တွင်းဖလားတွေမှာ အမြင့်မားဆုံး အဆင့်တွေထိ တက်လှမ်းခဲ့ပေမယ့်လည်း အခွင့်အရေးတွေကို အမိအရ မဆုပ်ကိုင်နိုင်ခဲ့လို့ ဆုဖလားတွေနဲ့ရော ဥရောပဝင်ခွင့်နဲ့ပါ လွဲချော်ခဲ့ရပါတယ်။

ဒီအခြေအနေမှာ ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုက “အမှတ်ပေးလိဂ်ပွဲတွေကို ပိုပြီး အနိုင်ရအောင် ကြိုးစားသွားဖို့နဲ့ ဥရောပဝင်ခွင့်တွေနဲ့ အနီးစပ်ဆုံး အခြေအနေမှာ ရပ်တည်နေနိုင်ဖို့ လုပ်ဆောင်သွားရပါမယ်။” လို့ ပြောဆိုသွားခဲ့တာပါ။

ချယ်လ်ဆီးရဲ့ လက်ကျန် ပရီးမီးယားလိဂ် (၇)ပွဲမှာ အာဆင်နယ် ဗီလာ စပါး ဘရိုက်တန် ဝက်စ်ဟမ်းတို့လို အသင်းတွေနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ဒီပွဲတွေမှာ ချယ်ဆီးတို့ အမှတ်ပြည့် ရယူသွားနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။