FA ဆီမီး ရှုံးပွဲ အပြီး သီယာဂို ဆေးလ်ဗား မျက်ရည်ကျနေချိန် နောက်မှာ ရယ်မောနေတဲ့ မာဒူကီ ကို ချဲလ်ဆီး ပရိသတ်များ အမျက်ထွက်နေ

ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ မန်စီးတီး အသင်းကို ဘာနာဒို ဆေးလ်ဗားရဲ့ နောက်ကျဂိုးနဲ့ အရေးနိမ့်ကာ ပြိုင်ပွဲက ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။

ဒီပွဲအပြီး ချဲလ်ဆီး ဝါရင့်ခံစစ်မှူး သီယာဂို ဆေးလ်ဗား က ဝမ်းနည်း စိတ်ပျက်စွာနဲ့ ငိုကြွေးခဲ့ပါတယ်။ အထူးသဖြင့် ယင်းဘရာဇီးသား အတွက် ချဲလ်ဆီးမှာ နောက်ဆုံးရာသီ ဖြစ်တာကြောင့် ဆုဖလားနဲ့ အဆုံးသတ်ဖို့ နောက်ဆုံး အခွင့်အရေးကို ဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းခဲ့ဟန် ဖြစ်ပါတယ်။

ဆေးလ်ဗားကို ချဲလ်ဆီး အသင်းခေါင်းဆောင် ကွင်းလယ်လူ ကော်နာ ဂေါ်လဂါမှ လာရောက် နှစ်သိမ့်ခဲ့ပေမယ့် ဗီဒီယို မှတ်တမ်းတွေအရ ထိုအချိန်မှာ အခြား ချဲလ်ဆီး ကြယ်ပွင့် တဦး ဖြစ်တဲ့ နွန်နီ မာဒူ ဟာ စီးတီး တောင်ပံကစားသမား ဂျက်ဂရီးလစ်ရှ်နဲ့ စကားပြော ရယ်မောနေတာကို တွေ့ခဲ့ရပါတယ်။

ဒီအပေါ် ချဲလ်ဆီး ပရိသတ်တွေက သတိပြုမိပြီး စိတ်ပျက် အမျက်ထွက်စွာ ဝေဖန်လာကြပါတယ်။

ချဲလ်ဆီး ပရိသတ် တဦးက ‘ မာဒူကီကို ကြည့်ဦး။ ဆေးလ်ဗားက နာကျင်ခံစားရလို့ ငိုကြွေးနေခဲ့တာတောင် မင်းက အဲဒီမှာ ရယ်နေနိုင်တယ်ပေါ့။ ပရိသတ်တွေဟာ မင်း ကစားတာ ကြည့်ဖို့ အဲဒီကို လာခဲ့ရတာတောင် မင်းက ရွံရှာဖွယ် စွမ်းဆောင်ရည်ပဲ ပြခဲ့တယ်။ ပြီးတော့ အက်ဖ်အေဖလား ဖိုင်နယ် မတက်နိုင်ခဲ့တာက ရယ်ရမယ့် အချိန်လို့ မင်း ထင်နေတယ်လား? ငါတို့ အသင်းကနေ ထွက်သွား။ ‘ လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

အခြား ချဲလ်ဆီး ပရိသတ် တဦးကလည်း ‘ ဒီဗီဒီယိုကို ကြည့်ပြီး ငါ မခံမရပ်နိုင် ဖြစ်နေပြီ။ မာဒူကီဟာ ရှေ့ပွဲကပဲ ပင်နယ်တီ လုကန်ဖို့ကျ သူ့အသင်းဖော်ကို ဆောင့်တွန်းပြီး စိတ်ဓာတ်ပြင်းကြောင်း ပြခဲ့တယ်။ ခုတော့ ဆီမီးဖိုင်နယ် ရှုံးပြီးတော့ စက္ကန့် ၃၀ ပဲ ရှိသေးတယ်၊ မင်းက ရယ်မောနေပြီ။ တကယ့် ဟာသကောင်ပဲ။ ‘ လို့ ရေးသားခဲ့ပါတယ်။