FA ဆီမီး ပွဲတိုင်းရှုံး စံချိန် ဆက်ထိန်းတဲ့ ပိုချက်၊ အဖြုန်းတလိုင်း ဂျက်ဆန်၊ ဂိုးသွင်းဖို့ကလွဲပြီး အကုန်ကောင်းတဲ့ ချယ်ဆီး

မနေ့ညက ဝင်ဘာလေမှာ ကန်ခဲ့တဲ့ မန်စီးတီးနဲ့ ချယ်ဆီးတို့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲကတော့ ဘာနာဒို ဆေးလ်ဗား တစ်လုံးတည်းသော သွင်းဂိုးနဲ့ စီးတီးတို့ အနိုင်ရကာ ဗိုလ်လုပွဲ တက်သွားပြီ ဖြစ်ပါတယ်။

မန်စီးတီးလို အသင်းမျိုးနဲ့ ရင်ဆိုင်ရတဲ့အခါ အပိုင် အခွင့်အရေးတွေကို ဂိုးအဖြစ်ပြောင်းလဲနိုင်ဖို့ လိုအပ်ပြီး ချယ်ဆီးအသင်းဟာ အဲဒီအပိုင်းမှာ လုံးဝပျက်ကွက်ခဲ့ပါတယ်။ အခုပွဲမှာ ချယ်ဆီးအသင်းရဲ့စွမ်းဆောင်ရည်က ဂိုးသွင်းတာက လွဲပြီး ကျန်တဲ့နေရာတွေမှာ ဘာမှ အပြစ်ပြောစရာမရှိခဲ့ပါဘူး။

မန်စီးတီးကတော့ ကစားပုံ အားရစရာမရှိပေမဲ့ လိုအပ်တဲ့ သွင်းဂိုးတစ်ဂိုးရဖို့ အခွင့်အရေးကို အကောင်းဆုံးအသုံးချနိုင်တာကြောင့် အခုလို နိုင်ပွဲရခဲ့တာပါပဲ။ ရီ

ချယ်ဆီးအသင်းရဲ့ရှုံးပွဲအတွက် အဓိက တရားခံဖြစ်ခဲ့တာက နီကိုလက်စ်ဂျက်ဆင်ပဲဖြစ်ပါတယ်။ ဂိုးသမားနဲ့ တစ်ယောက်ချင်း တွေ့ရတဲ့အခွင့်အရေးအပါအဝင် နီကိုလက်စ်ဂျက်ဆင်ဟာ ဟက်ထရစ်ရနိုင်လောက်တဲ့ ဂိုးသွင်းခွင့်တွေရခဲ့ပေမဲ့ စိတ်ပျက်စရာကောင်းလာက်အောင် အသုံးမချနိုင်ခဲ့ပါဘူး။

နီကိုလက်စ်ဂျက်ဆင်ဟာ Pace ၊ Dribbling ၊ Strength တွေမှာ ပြောစရာမရှိပေမဲ့ Striker တစ်ယောက်မှာ ရှိသင့်တဲ့ Finishing Skill မျိုး မရှိသလို ပြီးခဲ့တဲ့ပွဲတွေတုန်းကလည်း သေချာပေါက်ဂိုးရမဲ့ အခွင့်အရေးတွေကို လွဲချော်ခဲ့တာ အားလုံးအသိပါပဲ။

အခုပွဲမှာ ဂယ်လက်ဂါက ဘယ်ခြမ်းကနေ အထဲဝင်ပြီးတော့ ပါလ်မာနဲ့ချိတ်ဆက်ကစားခဲ့ပြီး ကွင်းလယ်ကြောကနေ မန်စီးတီးဘက်ကို ထိုးဖောက်ကစားခဲ့ပါတယ်။ ဂယ်လက်ဂါရဲ့ အဓိကတာဝန်က တိုက်စစ်ကို ပုံဖော်ဖို့ မဟုတ်ဘဲ မန်စီးတီးညာခြမ်းက ဝေါ်လ်ကာ၊ ဘာနာဒိုဆေးလ်ဗားတို့ရဲ့ တိုက်စစ်လမ်းကြောင်းတွေကို ဟန့်တားဖို့ဖြစ်ပြီး ဂယ်လက်ဂါနဲ့ကူကာရယ်လာတို့ ကိုယ့်တာဝန်ကျေအောင် ကစားနိုင်ခဲ့ကြပါတယ်။

ဒီဘရိုင်း ကစလို့ မန်စီးတီးကစားသမားတစ်ယောက်ချင်းစီဟာ ပုံမှန်ခြေစွမ်းအောက်ရောက်နေပြီး ဂျွန်စတုန်းစ်ကလည်း ပုံပျက်နေတာကြောင့် ချယ်ဆီးတိုက်စစ်လမ်းကြောင်းတွေကို အလွယ်တကူပဲ ခွင့်ပြုပေးခဲ့ရပါတယ်။

ဒါပေမဲ့ မန်စီးတီးဂိုးသမား အော်တေဂါက လက်စွမ်းပြခဲ့ပြီး နီကိုလက်စ်ဂျက်ဆင်၊ ပါလ်မာတို့ရဲ့ကန်ချက်တွေကို အကောင်းဆုံး ကာကွယ်နိုင်ခဲ့ပါတယ်။

ပွဲရဲ့အလှည့်အပြောင်းက ၆၆ မိနစ်မှာ ဂရီးလစ်ရှ်အစား ဒိုကူ ဝင်လာတာနဲ့ ညာခြမ်းမှာ အကောင်းဆုံးကစားနေတဲ့ နောက်ခံလူ ဂူစတို ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရချိန်မှာ စတင်ခဲ့ပါတယ်။

ဒိုကူ ဝင်လာတော့မှ မန်စီးတီး တိုက်စစ်အသက်ဝင်လာပြီး ဂူစတိုနေရာမှာ ဝင်ကစားတဲ့ ဒီဆာဆီဟာ ဒိုကူကို ဘယ်လိုမှ မထိန်းနိုင်ခဲ့ပါဘူး။ ၈၄ မိနစ်မှာ ဒီဘရိုင်းနားရဲ့ ဖြတ်တင်ဘောကို ချယ်လ်ဆီးဂိုးသမား ပက်ထရိုဗစ် ခြေထောက်နဲ့လှမ်းတားခဲ့ပေမဲ့ လမ်းကြောင်းပြောင်းပြီး ဘာနာဒိုဆေးလ်ဗားဆီ ရောက်သွားလို့ ဘာနာဒိုဆေးလ်ဗားက အပိုင်ကန်သွင်းယူခဲ့ပါတယ်။

ပွဲအပြီးမှာတော့ မန်စီးတီးတို့ ၁-၀ ဂိုးနဲ့အနိုင်ရခဲ့ပြီး FA ဖလား ဗိုလ်လုပွဲကို ၂ နှစ်ဆက်တိုက် တက်ရောက်နိုင်ခဲ့ပါတယ်။

ချယ်ဆီးအသင်းကတော့ FA ဖလားပြိုင်ပွဲတစ်လျှောက် ဆီမီးဖိုင်နယ်ကနေ ၁၁ ကြိမ်မြောက်ထွက်ခဲ့ရပြီး အဲဗာတန်(၁၃ကြိမ်)၊ စပါး(၁၂ကြိမ်)ပြီးရင် အများဆုံးပါပဲ။

ဒ့ါအပြင် ပိုချက်တီနိုဟာ FA ဖလား ဆီမီးဖိုင်နယ် ၃ ကြိမ်မှာ ပွဲတိုင်းရှုံးခဲ့ပြီး စပါးနည်းပြဘဝတုန်းက ၂၀၁၇ မှာ ချယ်ဆီး၊ ၂၀၁၈ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်နဲ့ အခု မန်စီးတီးတို့ကို ရှုံးခဲ့တာဖြစ်ပါတယ်။