ချန်ပီယံလိဂ် ရှုံးပွဲ တွန်းအားကြောင့် ဘိုင်ယန် ကြယ်ပွင့်ကို နွေမှာ အရ ခေါ်ယူဖို့ မန်စီးတီး ပြင်ဆင်

စီးတီး နည်းပြ ပက်ဂွါဒီယိုလာဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှ ထွက်ခွာလာရပြီးနောက် နွေရာသီ အပြောင်းအရွှေ့ဈေးကွက် မတိုင်မီမှာပင် အပြောင်းအရွှေ့ပစ်မှတ်တစ်ခုအား ဆုံးဖြတ်ချက် ချလာပါတယ်။

ဗုဒ္ဓဟူးနေ့ညတုန်းက မန်စီးတီးဟာ ရီးရဲလ်မက်ဒရစ်နှင့် နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုးစီသရေကျပြီးနောက် ပင်နယ်တီအဆုံးအဖြတ်ဖြင့် ၄-၃ ဖြင့် ရှုံးနိမ့်ကာ ထွက်ခွာလိုက်ရပါတယ်။

ယင်းသို့ စိတ်ပျက်စရာကြုံရပြီးနောက် မန်စီးတီးနှင့် ဂွါဒီယိုလာတို့ဟာ နွေရာသီတွင် ကြီးမားတဲ့ အပြောင်းအရွှေ့တစ်ခု ပြုလုပ်ရန် ဆုံးဖြတ်လာပါတယ်။

The Guardian က မန်စီးတီးဟာ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် ဘိုင်ယန်မြူးနစ်စတား ဂျာမယ် မူစီယာလာကို ခေါ်ယူရေး အစွမ်းကုန် ကြိုးပမ်းရန် ဆုံးဖြတ်လာကြောင်း ဖော်ပြလာပါတယ်။

အသက် ၂၁ နှစ်ရှိ ဂျာမန်စတားဟာ ဘိုင်ယန်မြူးနစ်နှင့်အတူ ခြေစွမ်းပြကစားနိုင်ပြီးနောက် မန်စီးတီး၊ လီဗာပူး၊ ယူနိုက်တက်နှင့် အာဆင်နယ်တို့ရဲ့ ပစ်မှတ်ထားခြင်း ခံနေရပါတယ်။

သူဟာ ယခုရာသီတွင် ဘိုင်ယန်အတွက် ပြိုင်ပွဲအရပ်ရပ်မှာ ၃၆ ပွဲကစားထားရာမှာ ၁၂ ဂိုး သွင်းပြီး ၇ ကြိမ် ဖန်တီးထားပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ လူငယ်ကြယ်ပွင့်ကစားသမားကို ထိန်းသိမ်းနိုင်ရေး အစွမ်းကုန် ကြိုးပမ်းလာမှာ ဖြစ်ပေမဲ့လည်း တကယ်လို့ ရောင်းချလာရမယ်ဆိုရင်လည်း ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၁၀ အထိ တောင်းဆိုလာဖို့ ရှိနေပါတယ်။

မူစီယာလာဟာ လူငယ်ကစားသမားဘဝအား ဆောက်သမ်တန်၊ ချဲလ်ဆီးတို့တွင် ကျင်လည်ခဲ့သူ ဖြစ်ပြီး အင်္ဂလန်ယူ-၁၅၊ ယူ-၁၇ နှင့် ယူ-၂၁ အသင်းတို့မှာ ကစားခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ ဘိုင်ယန်မြူးနစ်သို့ ပြောင်းပြီးနောက် ဂျာမနီအသင်းအတွက် ကစားရန် ဆုံးဖြတ်ခဲ့ပါတယ်။