ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပေမယ့် ဘောနပ်စ် ဆုကြေးတွေ အများကြီး ရဦးမယ့် မန်စီးတီး အသင်းသားများ

မန်စီးတီးအသင်းဟာ ရီးရဲလ် မက်ဒရစ် ကို ရှုံးပြီး ချန်ပီယံလိဂ်ကနေထွက်ခွာခဲ့ရပေမယ့် စီးတီး ကစားသမားတွေကတော့ ဘောနပ်စ်အများအပြားရရှိမယ်လို့ သိရပါတယ်။

လက်ရှိ ချန်ပီယံမန်စီးတီးဟာ ကွာတားဖိုင်နယ်မှာ ရီးရဲလ်အသင်းကို ပင်နယ်တီနဲ့အရေးနိမ့်ပြီး ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

မန်စီးတီးအသင်း ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပေမယ့် ကစားသမားတွေကတော့ မြင့်မားတဲ့ဘောနပ်စ်တွေရရှိဖွယ်ရှိနေပါတယ်။

ဒေးလီး မေးလ် သတင်းဌာနရဲ့အဆိုအရ မန်စီးတီးစတားတွေဟာ လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်သေချာရင် ဘောနပ်စ် အများအပြားရရှိလိမ့်မယ်လို့ သိရှိရပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေပြီး အဆင့် ၅ နေရာက တော့တင်ဟမ်နဲ့ ၁၃ မှတ်အထိ ကွာဟနေပါတယ်။

လက်ကျန် ၆ ပွဲကန်ဖို့ကျန်နေချိန်မှာ စီးတီးအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ သေချာနေပြီး ကစားသမားတစ်ဦးအနေနဲ့ အနိမ့်ဆုံး ပေါင် ၂ သောင်းကနေ ပေါင် ၁ သန်းလောက်အထိ ရရှိဖွယ်ရှိနေပါတယ်။ အဲ့ဒီထဲမှာ ပွဲထွက်ခွင့် နဲ့ မိနစ်အပေါ်မူတည်ပြီး ထပ်တိုးရရှိဖွယ်ရှိနေပါတယ်။

ချန်ပီယံလိဂ်နေ ထွက်ခွာခဲ့ရပြီးနောက် ဂွါဒီယိုလာက “ရီးရဲလ်အသင်းကို ဂုဏ်ပြုချင်ပါတယ်။ သူတို့ ခံစစ်က အကောင်းဆုံးကာကွယ်နိုင်ခဲ့သလို အားလုံးလုပ်ဆောင်နိုင်ခဲ့ပါတယ်။

ကျွန်တော်တို့လုပ်ဆောင်ခဲ့တာတွေအတွက် နောင်တမရပါဘူး။ နည်းပြတစ်ဦးအနေနဲ့ ပွဲတိုင်းမှာ သွင်းဂိုးများပြီး ဂိုးပေးရတာနည်းအောင် လုပ်ဆောင်ရပါမယ်။ ဘာလို့လဲဆိုတော့ အဲ့တာက နိုင်ပွဲအတွက် အကူအညီဖြစ်လို့ပါ။
ကျွန်တော် တို့ ခံစစ်ကော တိုက်စစ်ကော အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူတို့ဂိုးကောင်းတစ်ဂိုးရခဲ့သလို အပြောင်းအလဲတွေလည်းများခဲ့ပါတယ်။

ကျွန်တော်တို့ အနိုင်ရဖို့ လုပ်ဆောင်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ အနိုင်မရခဲ့ပါဘူး။ အဲ့တာက တစ်ခါတလေမှာ ပင်နယ်တီနဲ့အနိုင်ရတာတွေရှိတတ်သလို ရှုံးတာတွေလည်းရှိတတ်ပါတယ်။

ကျွန်တော်တို့ အခွင့်အရေးတွေကို မပြောင်းလဲနိုင်ခဲ့တာပါ။ ရီးရဲလ်ကိုအနိုင်ကန်ဖို့ မလုံလောက်ခဲ့တာပါ”လို့ ပြောကြားခဲ့ပါတယ်။

မန်စီးတီးဟာ အခုအပတ်မှာ အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲအဖြစ် ချဲလ်ဆီးနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။