ပင်နယ်တီ လုကန်ခဲ့တဲ့ ချဲလ်ဆီး ချာတိတ်တွေကို ဘယ်လို ဆုံးဖြတ်မှာလဲ ပိုချက်တီနို အသိပေး

ချဲလ်ဆီး အသင်းရဲ့ အဲဗာတန်ကို ၆ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ပိုချက်တီနို တပည့်ကျော်တွေရဲ့ ပင်နယ်တီ လုပွဲက လူပြောများခဲ့ပါတယ်။

ပါလ်မာ ဟက်ထရစ် ရပြီးချိန် ဖြစ်တာကြောင့် ဒီပင်နယ်တီကို တောင်ပံကစားသမား နွန်နီ မက်ဒူးကီနဲ့ တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆင်တို့က လုကန်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

အဆုံးမှာတော့ အသင်းခေါင်းဆောင် ကော်နာ ဂေါ်လဂါက ကိုးလ်ပါလ်မာကသာ ပင်နယ်တီ ကန်ရမယ့်သူ ဖြစ်ကြောင်း အဆုံးအဖြတ် ပေးခဲ့ပါတယ်။

ချဲလ်ဆီး ပရိသတ်တချို့ ကတော့ ပိုချက်တီနိုကို ဂျက်ဆင်နဲ့ မက်ဒူးကီအား ထိုက်သင့်တဲ့ ပြစ်ဒဏ် တချို့ ပေးဖို့ အလိုရှိနေကြပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ပိုချက်တီနိုက ” ဒါက အပြစ်ပေးဖို့ထိ မသက်ဆိုင်ပါဘူး။ ဒါက သင်ယူလေ့လာဖို့ ဖြစ်ပါတယ် ။ သူတို့တွေဟာ လူငယ်လေးတွေပါ။ ဒီလိုမျိုး သူတို့ ပြုမူတတ်ကြပါတယ်။ ဒါက ကော်နာ ( ဂေါ်လဂါ ) ဆီက အသင်းခေါင်းဆောင် တယောက်လို အရမ်းကောင်းတဲ့ တုန့်ပြန်မှု ဖြစ်တယ်လို့ ထင်ပါတယ်။ ”

” ဒီလို အပြုအမူမျိုး ကျွန်တော်တို့ နောက်ထပ် ပြသလို့ မဖြစ်ပါဘူး။ ဒါဟာ အသင်းသားတိုင်း အတွက် အပြစ်ပါပဲ။ ဘာလို့လဲဆိုတော့ ပါလ်မာ ကွင်းထဲမှာ ရှိနေရင် ပွဲစကတည်းက ကစားနေရင် သူသာ ပင်နယ်တီ ကန်သွင်းတဲ့သူ ဆိုတာ သူတို့ သိထားကြလို့ပါ။ ”

” နောက်ပြီး ကျွန်တော်တို့ မမေ့ရမှာက အရမ်း ခက်ခဲတဲ့ အခြေအနေမျိုးမှာပေါ့၊ ဘန်လေနဲ့ ပွဲတုန်းက ခင်ဗျားတို့ မှတ်မိကြရဲ့လား ? အဲဒီ ပင်နယ်တီကို ဘယ်သူမှ တာဝန်မယူချင်ခဲ့ကြပေမယ့် ပါလ်မာက ဘောလုံး ယူပြီး ကိုယ်တိုင် အဆုံးသတ်ကာ သူ့ရဲ့ ကိုယ်ပိုင်ဟန်ကို ပြသခဲ့ပါတယ်။ ”

” ဒီနေ့လို ဖြစ်ရပ်မျိုးက ဖြစ်တတ်ပါတယ်။ ကျွန်တော်တို့ ပြောနေခဲ့ကြတဲ့ အကြောင်းအရာ အားလုံးကို ကျွန်တော် ပြန်ရှင်းပြပေးနိုင်ပါတယ်။ ဒါက ရှက်စရာပါ ။ နောက်ထပ် မဖြစ်စေရပါဘူးလို့ ပြောရင်း ၊ တောင်းပန်ရုံပဲ ကျွန်တော် တတ်နိုင်ပါတယ် ။ သူတို့ ကလေးလို ပြုမူနေဦးမယ် ဆိုရင်တော့ ဒီနေရာမှာ ဒါမျိုး မဖြစ်နိုင်တော့ပါဘူး။ ” လို့ ပိုချက်တီနိုက ပြောကြားခဲ့ပါတယ်။