ချယ်ဆီးအသင်း နောက်ရာသီမှာ ဆုဖလား အောင်မြင်မှုတွေ ယူဖို့ ခုတည်းက ကြိုပြင်နေပြီ လို့ အသိပေး

ချယ်ဆီး နည်းပြ ပိုချက်တီနိုက သူတို့အသင်းရဲ့ တာဝန်ရှိသူတွေဟာ လာမယ့် ရာသီသစ်မှာ အောင်မြင်မှုတွေ ရယူနိုင်ဖို့ အတွက် အခုထဲက ကြိုတင် ပြင်ဆင်မှုတွေ စလုပ်နေပြီလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အာဂျင်တီးနားလူမျိုး ထိပ်သီးနည်းပြ ပိုချက်တီနိုက ယခုနှစ် ဘောလုံးရာသီ အစမှာ ချယ်ဆီး အသင်းထံ ၂နှစ်သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာသူပါ။

သူ့ရဲ့လက်အောက်မှာ ချယ်ဆီးက အမှတ်ပေးပြိုင်ပွဲမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရပေမယ့် ဖလားပြိုင်ပွဲတွေမှာတော့ ရလဒ်တွေ ကောင်းနေပါတယ်။

ချယ်ဆီးက ဒီရာသီမှာ ကာရာဘောင်းပြိုင်ပွဲရဲ့ ဗိုလ်လုပွဲ အထိ တက်လှမ်းနိုင်ခဲ့သလို အက်ဖ်အေဖလားပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ် အထိ ရောက်ရှိနေပြီး ချယ်ဆီး က အက်ဖ်အေဖလား ၊ ဆီမီးဖိုင်နယ်မှာ မန်ချက်စတာ စီးတီးနဲ့ ထိပ်တိုက် တွေ့ဆုံနေပါတယ်။

နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ပိုချက်တီနိုက သူတို့အသင်းဟာ လာမယ့်ရာသီမှာ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ဖို့ အတွက် ယခုထဲက ကြိုတင် ပြင်ဆင်မှုတွေ စလုပ်နေပြီး ဆုဖလားတွေကို စိန်ခေါ်နိုင်မယ့်အသင်း ဖြစ်လာအောင် လာမယ့် နွေဈေးကွက် အတွင်းမှာ အားကိုးရမယ့် ကစားသမားသစ်တွေကို ခေါ်ယူသွားမယ်လို့ ဆိုလာပါတယ်။

ပိုချက်တီနိုက – “ကျွန်တော်တို့က လာမယ့် နွေဈေးကွက်မှာ အတွေ့အကြုံရင့် ကစားသမား တချို့ကို ခေါ်ယူဖို့ လိုအပ်ပါတယ်။ ပြီးတော့ လူငယ်ကြယ်ပွင့်တွေရောပေါ့။

ကျွန်တော်တို့က လာမယ့် ရာသီသစ်မှာ ကြီးမားတဲ့ အောင်မြင်မှုတွေကို (ဆုဖလားတွေ) ရယူနိုင်ဖို့ အတွက် အသင်းတွင်း အခြေအနေတွေကို ပြန်လည် စစ်ဆေးတာတွေ ၊ ရာသီသစ် အတွက် နည်းဗျူဟာတွေ စတဲ့ ကိစ္စတွေ အတွက် အခုထဲက ဆွေးနွေးမှုတွေ လုပ်နေပါပြီ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။