ဟာလန်းနဲ့ အပြိုင် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု ကို စိန်ခေါ်လာတဲ့ ချယ်ဆီးရဲ့ ပါလ်မာ အပါအဝင် တိုက်စစ်မှုး ၂ဦး

ညက ယှဉ်ပြိုင်ကစားတဲ့ ချယ်ဆီးနဲ့ အဲဗာတန်ပွဲမှာ အိမ်ရှင် ချယ်ဆီး အသင်းက ၆ ဂိုးပြတ် အနိုင်ရခဲ့သလို တိုက်စစ် သမား ပါလ်မာဟာ သွင်းဂိုး ၄ ဂိုး ထိ သွင်းယူခဲ့ပါတယ်။

ဒီရာသီ အစက မန်စီးတီးကနေ ချယ်ဆီးအသင်းကို ပြောင်းလာခဲ့တဲ့ ပါလ်မာဟာ ပရီးမီးယားလိဂ် သွင်းဂိုး ၂၀ ပြည့်သွားခဲ့ပြီဖြစ်ကာ ရွှေဖိနပ်ဆု ပြိုင်ဆိုင်မှုမှာ အသင်းဖော်ဟောင်း ဖြစ်တဲ့ စီးတီး တိုက်စစ်မှုး ဟာလန်းနဲ့ သွင်းဂိုး တူညီသွားခဲ့ပါပြီ။

မနှစ်ကရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၃၆ ဂိုး သွင်းယူပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးသွင်း အများဆုံး စံချိန်ကို စိုက်ထူထားတဲ့ စီးတီး တိုက်စစ်မှုး ဟာလန်းဟာ ဒီရာသီမှာ ဒဏ်ရာ ပြဿနာတွေ ရင်ဆိုင်နေရပါတယ်။

ဒါပေမယ့် သူဟာ ခြေစွမ်းကျဆင်းမှုတွေ ရှိနေတာတောင် သွင်းဂိုး ၂၀ ထိ သွင်းယူထားသေးတာပါ။

ဟာလန်းကို အနီးကပ် ဖိအားပေးနေသူတွေထဲ ချယ်ဆီး တိုက်စစ်သမား ပါလ်မာအပြင် အက်စတွန်ဗီလာ တိုက်စစ် သမား ဝတ်ကင်းစ် လည်း ပါဝင်လာပါတယ်။ အင်္ဂလန်သား တိုက်စစ်မှူးဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် သွင်းဂိုး ၁၉ ဂိုးထိ ရယူထားပါပြီ။

အက်စတွန်ဗီလာကို ထိပ်ဆုံး ၄ သင်းစာရင်းထဲ ပါဝင်လာအောင် ထမ်းတင်ပေးနေတဲ့ ဝတ်ကင်းစ် ဟာလည်း ပါလ်မာနည်းတူ ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုအတွက် ရေပန်းစားလာနေတာပဲ ဖြစ်ပါတယ်။