FFP လွတ်အောက် ပရီးမီးယားလိဂ် ကို လက်တစ်လုံးခြားလုပ်ပြီး တစ်ကွက်ပြလိုက်ပြန်တဲ့ တော့ဒ်ဘိုးလီ

ဒီဘောလုံးရာသီထဲမှာ ဘဏ္ဍာရေးမျှခြေစည်းမျဉ်း FFP ငြိလို့ ပရီးမီးယားလိဂ် ရဲ့ အမှတ်လျှော့အရေးယူမှုတွေ ခပ်စိပ်စိပ်ဖြစ်လာပါတယ်။

ကစားသမားခေါ်ယူမှုတွေမှာ ပေါင် တစ်ဘီလျံသုံးထားတဲ့ ချဲလ်ဆီးဟာလည်း FFP နဲ့ ညိနိုင်ခြေများတဲ့ အသင်းတွေထဲ ပါဝင်ခဲ့တာပါ။

ဒါ့အပြင် ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ရာသီမှာ လုပ်ခလစာချည်း ပေါင်သန်း ၄၀၀ ကျော်တောင် ကုန်ကျခဲ့ရတာပါ။ ပရီးမီးယားလိဂ် အသင်းတွေထဲမှာဆို ဒုတိယလုပ်ခအများဆုံးအသင်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ FFP စည်းမျဉ်းအရ အသင်းတစ်သင်းဟာ ၃ နှစ်တာကာလမှာ ပေါင် ၁၀၅ သန်းထက် ပိုရှုံးလို့ မရပါဘူး။

ဒါပေမယ့် လက်တစ်လုံးခြားလုပ်တဲ့နေရာမှာ နှစ်ယောက်မရှိတဲ့ ချဲလ်ဆီးပူးတွဲပိုင်ရှင် တော့ဒ်ဘိုးလီဟာ အခုလည်း ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေး စည်းမျဉ်း ကန့်သတ်ချက်တွေကနေ လွတ်အောင် တစ်ကွက်ပြလိုက်ပါတယ်။

အဲဒါကတော့ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းနားမှာရှိတဲ့ အသင်းပိုင်ဟို တယ်နှစ်လုံးကို ပေါင် ၇၆.၃ သန်းနဲ့ BlueCo 22 လို့ အမည်ရတဲ့ ကုမ္ပဏီတစ်ခုဆီ ရောင်းချခဲ့တာပါ။

ဒါဟာ ထူးဆန်းတဲ့ ရောင်းဝယ်မှုတစ်ခုမဟုတ်သလို အသင်းပိုင်ပစ္စည်းကို လိုအပ်ချက်အရ ရောင်းချတယ်ဆိုတာ သာမန်ကိစ္စတစ်ခုပါပဲ။

ဒါပေမဲ့ ချဲလ်ဆီးအသင်းပိုင် ဟိုတယ်တွေကိုဝယ်ယူသွားတဲ့ BlueCo 22 ဆိုတာက အသင်းပိုင်ရှင် ဘိုးလီပိုင်တဲ့ နောက်ထပ်ကုမ္ပဏီတစ်ခု ဖြစ်နေတာကတော့ ပရီမီးယားလိဂ်ရဲ့FFP ဥပဒေကို လုပ်ခွင့်ရှိတဲ့ ဘောင်ထဲကနေ ကျော်ထွက်ပြလိုက်တာပါပဲ။

တော့ဒ်ဘိုးလီ ရဲ့ အကွက်ကတော့ ဆရာကျလွန်းပါတယ်။ ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကျော်သလို ဖြစ်နေပေမယ့် ချဲလ်ဆီးရဲ့ဟိုတယ်နှစ်လုံးရောင်းချမှုကို ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ခွင့်ပြုပေးခဲ့ရတာပါ။

အသင်းပိုင်ဟိုတယ်ကို အသင်းပိုင်ရှင်ဆီရောင်းတာမှာ ကန့်ကွက်ထားတဲ့ ဥပဒေမေရှိတဲ့အတွက် ပရီးမီးယားလိဂ်က ခွင့်ပြုလိုက်ရတာမှာ ကော်မတီအဖွဲ့ကသူတွေတော့ အတော့်ကို အောင့်သက်သက်နိုင်တဲ့ အဖြစ်မျိုးလို့ဆိုရမှာပါ။