ပိုချက်တီနိုက လူမရှိဘူး၊ ထပ်ဖြည့်ဖို့ လိုတယ် ပြောနေတာ မှန်တယ်လို့ ထောက်ခံ ဆွေးနွေးသွားတဲ့ ချဲလ်ဆီးလူဟောင်းကြီး

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အတွင်း ကစားသမားသစ် အမြောက်အမြား အတွက် စံချိန်တင် သုံးစွဲမှုတွေ ပြုလုပ်ခဲ့ရာ ဘရိုက်တန်ကနေ အီကွေဒေါ လက်ရွေးစင် ကွင်းလယ်လူ မွိုက်ဆက်စ် ကိုင်စီဒိုကို ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၁၅သန်းနဲ့ ခေါ်ယူခဲ့ခြင်းလည်း တခု အပါအဝင် ဖြစ်ခဲ့ပါတယ်။

ချဲလ်ဆီး နောက်ခံလူဟောင်း ဖရန့် လီဘို့ဖ်ကတော့ သူ့အသင်းဟောင်း အနေနဲ့ ပြီးခဲ့တဲ့ နွေရာသီတုန်းက ကိုင်စီဒိုကို သန်း ၁၀၀ကျော် ပေးပြီး ခေါ်ခဲ့တာထက် အတွေ့အကြုံရှိ အင်္ဂလန် ကွင်းလယ်လူ ၂ဦး ဖြစ်တဲ့ လက်ရှိ တော့တင်ဟမ် ကြယ်ပွင့် ဂျိမ်းစ်မက်ဒီဆင်နဲ့ ဝက်စ်ဟမ်း ကြယ်ပွင့် ဂျိမ်းစ်ဝက်ပရောက်စ်တို့ကိုသာ ခေါ်ယူခဲ့သင့်ကြောင်း ထောက်ပြ လာပါတယ် ။

လီဘို့ဖ် က ” ပြီးခဲ့တဲ့ နွေရာသီတုန်းက ချဲလ်ဆီးဟာ ဂျိမ်းစ်မက်ဒီဆင်၊ ဂျိမ်းဝက်ပရောက်စ်လို အသင်း အတွက် အရည်အသွေးများစွာ ယူဆောင်ပေးနိုင်ပြီး ၊ ငွေကြေး နည်းနည်းပဲ ကုန်ကျမယ့် ကစားသမားတွေကို ခေါ်ယူခဲ့သင့်တာပါ။ သူတို့ကို ကလပ်ဖက်က ဘာကြောင့် လျစ်လျူရှုခဲ့လဲ ဆိုတာ ကျွန်တော် နားမလည်နိုင်ပါဘူး။ ”

” ဒီတပတ်မှာလည်း ပိုချက်တီနိုက သူ့ကစားသမားတွေဟာ ကြပ်ညှပ်တဲ့ ပွဲစဉ်ဇယားတွေမှာ မကစားနိုင်လောက်ဘူးလို့ ထုတ်ပြောလာပါတယ်။ သူဟာ အမှန်ကို ပြောနေတာပါ။

ငွေသုံးတယ်ဆိုတာ ရူးလောက်စရာ ငွေပမာဏ သုံးဖို့ ဆိုလိုတာ မဟုတ်ပါဘူး။ မက်ဒီဆင်နဲ့ ဝက်ပရောက်စ်ဆိုရင် ငွေအများကြီး မကုန်သလို အတွေ့အကြုံတွေလည်း ပိုမို ယူဆောင်ပေးနိုင်ပါတယ်။ ” လို့ ပြောကြားခဲ့ပါတယ် ။

လက်ရှိ ချဲလ်ဆီးရဲ့ အဓိက ကွင်းလယ် အတွဲအဖက် ဖြစ်တဲ့ အန်ဇို ဖာနန်ဒက်ဇ်နဲ့ ကိုင်စီဒိုတို့ဟာ ရာသီကုန်ခါနီးလာပေမယ့် အခုအချိန်အထိ အတွဲအဖက် မိပြီး ၊ တိုက်စစ်ခံစစ်အပေါ် မျှမျှတတ ကူညီပံ့ပိုးပေးနိုင်မှု ကြီးကြီးမားမား မရှိသေးပါဘူး ။