ဘန်လေကို မနိုင်ခဲ့ခြင်းအတွက် အပြစ်တင်ခံရသင့်သူတွေကို နည်းပြ ပိုချက်တီနို ထုတ်ဖော်

ချယ်ဆီး နည်းပြချုပ် မော်ရီစီယို ပိုချက်တီနိုက ဘန်လေကို အိမ်ကွင်းမှာ မိနစ် ၅၀ကျော် ကစားသမား တယောက်အသာနဲ့ ကစားနိုင်ခဲ့ပေမယ့် အနိုင်မရခဲ့တာကြောင့် ပရိသတ်တွေကို တောင်းပန်သွားခဲ့ပါတယ်။

ချယ်ဆီးက ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ဖိအားပေး ကစားနိုင်ခဲ့ပြီး ပွဲချိန် ၄၀မိနစ်မှာ ဘန်လေဘက်က ဖျက်ထုတ်မှု ကြမ်းတမ်းခဲ့တာကြောင့် နှစ်ဝါ တနီနဲ့ ထုတ်ပယ်ခံခဲ့ရသလို ချယ်ဆီး ကလည်း ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့ပြီး ပါလ်မာက အကောင်းဆုံး ကန်သွင်းကာ အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ဦးဆောင်ဂိုး ရရှိပြီးနောက် ချယ်ဆီး ကစားပုံ အနည်းငယ် လျော့သွားခဲ့ပြီး အာရုံစူးစိုက်မှု လျော့နည်းသွားတာကို အခွင့်ကောင်း ယူကာ ဒုတိယပိုင်း အစမှာပဲ ဘန်လေအသင်းခေါင်းဆောင် ကူလန်က ပထမ ချေပဂိုးကို လှလှပပ သွင်းယူပေးခဲ့ပါတယ်။

တဖက် တဂိုးစီ သရေကျခဲ့ပြီးနောက် ပွဲချိန် ၇၇မိနစ်မှာ ပါလ်မာက အိမ်ရှင်အတွက် ဦးဆောင်ဂိုးကို ထပ်မံ သွင်းယူပေးခဲ့ပေမယ့် ပွဲချိန် ၈၁မိနစ်မှာ ဘန်လေ နောက်ခံလူ ချေပဂိုးကို ပြန်သွင်းယူပေးခဲ့ပါတယ်။

တန်းဆင်းဇုန်ထဲက ဘန်လေကို ကစားသမား တယောက် အသာစီး ရနေချိန်မှာတောင် အနိုင်မရခဲ့တဲ့ အတွက် ချယ်ဆီး ပရိသတ်တွေ အတော်လေး ဒေါသထွက်နေကြတာပါ။

ပွဲပြီးအင်တာဗျူးမှာ ပိုချက်တီနိုက “ဒီနေ့ပွဲ အတွက် တောင်းပန်ချင်ပါတယ်။ ကျွန်တော်တို့က ဒီနေ့ပွဲမှာ အနိုင်ရဖို့ အတွက် လုံလောက်တဲ့ အားထုတ်မှု ၊ စွမ်းဆောင်ရည်နဲ့ ဆာလောင်မှုတို့ကို မပြသနိုင်ခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော်က အတော်လေး စိတ်ပျက်နေပါတယ်။

ဒီပွဲလိုမျိုး မဖြစ်မနေ အနိုင်ယူရမယ့် ပွဲကို အနိုင်ရအောင် မကစားနိုင်ခဲ့တာအတွက် ကျွန်တော်တို့က ကစားသမားတွေကိုပဲ အပြစ်တင်နေလို့ မရပါဘူး။ အသင်းမှာ ရှိတဲ့ လူတိုင်းကို အပြစ်တင်ရပါမယ်” လို့ ပြောကြားသွားခဲ့ပါတယ်။