စိတ်ဓါတ်မရှိ၊ အားထုတ်မှုမရှိ ဖြစ်နေတဲ့ ချယ်ဆီး အသင်းဖော်တွေကို ဝေဖန်စကား ပြောဆိုလိုက်တဲ့ ပါလ်မာ

အိမ်ကွင်းမှ ဇယားအောက်ခြေက ဘန်လေအသင်းကို ၁၁-၁၀ ယောက်ဖြင့် ကစားခဲ့ပေမယ့် သရေရလဒ်ပဲ ရခဲ့တဲ့နောက် ပါလ်မာက အသင်းဖော်တွေကို ဝေဖန်လာခဲ့ပြီ ဖြစ်ပါတယ်။

ချယ်ဆီးဟာ ထုံးစံအတိုင်း ဂိုးသွင်းခွင့်ပေါင်း မြောက်မြားစွာ ရခဲ့ပေမယ့် ၊ အဆုံးသတ် ညံ့ဖျင်းမှုကြောင့် ပွဲကိုမဖြတ်နိုင်ခဲ့ပါဘူး။ ဒုတိယပိုင်း အစမှာ စောစောစီးစီး ချေပဂိုး ပြန်ပေးခဲ့ရပြီး ဦးဆောင်ဂိုး ထပ်ရချိန်မှာလည်း ရလဒ်ကို မထိန်းနိုင်တာကြောင့် ပွဲအပြီးမှာ တဖက် ၂ဂိုးစီ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ဘန်လေပွဲမှာ ကိုယ်တိုင်က အကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ ပါလ်မာကတော့ ပွဲအပေါ် ပေါ့တန်တန် သဘောထားခဲ့ကြတဲ့ ချဲလ်ဆီး အသင်းဖော်တွေကို အခုလိုပဲ ဝေဖန်သွားပါတယ်။

ပါလ်မာက ” တကယ် ညံ့ဖျင်းလွန်းပါတယ် ။ ဒါမျိုး လုံးဝ ဖြစ်လို့ မရတာပါ ။ အထူးသဖြင့် ပြိုင်ဖက် အသင်းက ၁၀ယောက်တည်း ကျန်တဲ့ အနေအထားမျိုးမှာပေါ့ ။ ကျွန်တော်တို့ အရမ်း ပေါ့ပေါ့တန်တန် တွေးလွန်းခဲ့ပါတယ်။ ”

” ဇာတ်လမ်းကတော့ တူတူပါပဲ ။ ကျွန်တော်တို့ဟာ အပတ်တိုင်း ကိုယ့်ကိုယ်ကို သတ်နေကြပါတယ် ။ ကစားသမားတွေ အဖြစ်နဲ့ ကျွန်တော်တို့ဟာ ဒီထက် တိုးတက်ဖို့ လိုကို လိုပါတယ် ။ ကျွန်တော်တို့ ခြေစွမ်းကောင်းကို ထ်ိန်းပြဖို့ လိုပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ်။