နည်းပြမရှိ၊ တယောက်လျော့နေတဲ့ ဘန်လေကို မနိုင်ခဲ့ဘဲ အဆင့် ၁၁ ကို ဆက်လက် ဖက်တွယ်နေဆဲ ချဲလ်ဆီး

ချဲလ်ဆီး အသင်းဟာ ဒီနေ့ပွဲမှာ ကျောက်ချနေတာကြာပြီဖြစ်တဲ့ အဆင့် ၁၁ က ရုန်းထွက်နိုင်ဖို့ တန်းဆင်းဇုန်ထဲက ဘန်လေအသင်းကို အိမ်ကွင်းမှာ အနိုင်ကစားဖို့ အကောင်းဆုံး ပွဲထွက်လူစာရင်းနဲ့ ပြင်ဆင်လာပါတယ်။

ပွဲစတင်ကစားချိန်မှာ တန်းဆင်းဇုန်က ရုန်းထွက်ဖို့ ကြိုးစားကစားတဲ့ ဘန်လေအသင်းကြောင့် ထင်သလို မကစားနိုင်ခဲ့ပဲ တချက်တချက်မှာ ဘန်လေ အသင်း တိုက်စစ်ဆင်မှုကို အသည်းအသန်ကာကွယ်နေခဲ့ရပါတယ်။

ပွဲချိန် မိနစ် ၄၀ မှာ ဘန်လေ ညာနောက်ခံကစားသမား အက်ဆိုင်နွန် ဂိုးဧရိယာထဲမှာ မူဒရစ်ကို ပြစ်ဒဏ်ကျူးလွန်လို့ နောက်ထပ် တစ်ဝါ အပြခံရပြီး ဘန်လေအသင်းက ပယ်နယ်တီလည်း ပေးခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကို မကျေနပ်လို့ စောဒကတက်ခဲ့တဲ့ ဘန်လေနည်းပြ ဗင်းဆင့် ကွန်ပနီကိုလည်း ကွင်းလယ်ဒိုင်က အနီကတ်ပြားပြ ထုတ်ပယ်ခဲ့ပြန်ပါတယ်။

ဒါကြောင့် ဘန်လေအသင်းဘက်က ကစားသမား ၁၀ ယောက်နဲ့ ချဲလ်ဆီးအသင်းဘက်က ကစားသမား ၁၁ ယောက်+ နည်းပြ ၁ ယောက် စုစုပေါင်း ၁၂ ယောက်နဲ့ ဒုတိယပိုင်း တပိုင်းလုံး အသာနဲ့ ကစားခဲ့ရပါတယ်။

ရရှိခဲ့တဲ့ ပယ်နယ်တီကို ကိုးလ် ပါလ်မာက ကန်သွင်းယူနိုင်ခဲ့လို့ ၄၄ မိနစ်မှာ ချဲလ်ဆီးအသင်း ဦးဆောင်ဂိုးရရှိခဲ့ပြီး ပထမပိုင်းမှာ ချဲလ်ဆီးအသင်းက ၁ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိနေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး မကြာမီ ပွဲကစားချိန် ၄၇ မိနစ်မှာ ဘန်လေကွင်းလယ်ကစားသမား ဂျို့ရှ် ကာလန်၏ ဂိုးဧရိယာထိပ်က မြေမကျကန်သွင်းချက်ကို ချဲလ်ဆီး ဂိုးသမား ဘယ်လိုမှ မကာကွယ်နိုင်ခဲ့ပဲ ခချေပဂိုး ပေးခဲ့ရပါတယ်။

၁၀ ယောက်ကျန် ဘန်လေဆီက အနိုင် ၃ မှတ်အပြည့်ရရှိဖို့ ချဲလ်ဆီးအသင်းက ဆက်တိုက်ဖိကစားခဲ့ပြီး အခွင့်အရေးများစွာ ရခဲ့ပေမယ့် လွဲချော်နေခဲ့ရပါတယ်။ ပွဲချိန် ၇၈ မိနစ်မှာတော့ စတားလင်း နောက်ပေါက်နဲ့ ချပေးတာကို ကိုးလ် ပါလ်မာက ကန်သွင်းယူပြီး ချဲလ်ဆီးအသင်း အနိုင်ဂိုး ရရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒီအနိုင်ရလဒ်ဟာ ၃ မိနစ်ပဲ ခံလိုက်ပြီး ဘန်လေအသင်း ရရှိခဲ့တဲ့ ထောင့်ကန်ဘောကို ကာလန်က ဖြတ်တင်ပေးလိုက်ပြီး ဒါရာ အိုရှေးက ခေါင်းတိုက်သွင်းယူလိုက်ရာမှာ ချဲလ်ဆီးဂိုးသမား ပုတ်ထုတ်ကာကွယ်ပေမယ့် ဂိုးထဲသို့သာ ပုတ်ထုတ်မိပြီး ချဲလ်ဆီးအသင်း ချေပဂိုး ထပ်ပေးလိုက်ရပြန်ပါတယ်။

ပွဲချိန် ၈၄ မိနစ်မှာ ကိုးလ် ပါလ်မာရဲ့ ဘယ်ခြေနဲ့ လှလှပပ ပေးပို့မှုကို စတားလင်း ဂိုးသမားနဲ့ တစ်ယောက်ချင်းတွေ့ပြီး ခေါင်းတိုက်လိုက်ပေမယ့် အံ့အားသင့်ဖွယ် အပေါ်ထောင်သွားပြီး အနိုင်ဂိုးထပ်ရမယ့် အရေးကနေ လွဲချော်ခဲ့ရပါတယ်။

ပွဲသိမ်းခရာမှုတ်ချိန်မှာတော့ တစ်ဖက်နဲ့ တစ်ဖက် ဂိုးထပ်မသွင်းနိုင်တော့တာကြောင့် ဘန်လေအသင်းဟာ ချဲလ်ဆီးအသင်းထံက အဖိုးတန် တစ်မှတ်ကို ရယူသွားနိုင်ခဲ့ပြီး ချဲလ်ဆီးအသင်းကတော့ ရမှတ် တစ်မှတ်သာ ရရှိပြီး အဆင့် ၁၁ ကို မစွန့်ခွာနိုင်ပဲ ဆက်လက် တည်ရှိနေပါတယ်။

ပါလ်မာဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုးပါဝင်ပတ်သက်မှု ၂၁ ဂိုး(၁၃ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၈ ကြိမ်)အထိရှိလာပြီဖြစ်လို့ နာမည်ကျော်တိုက်စစ်မှူးဟောင်းတွေဖြစ်တဲ့ ဟက်ဆယ်ဘိန့်ခ်(၃၂ ဂိုး-၂၀၀/၀၁)၊ ဒီယေဂိုကော်စတာ(၂၃ ဂိုး-၂၀၁၄/၁၅)တို့ပြီးရင် ချဲလ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ်ပွဲဦးထွက်ရာသီမှာ သွင်းဂိုးပါဝင်ပတ်သက်မှု တတိယအများဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။