ချယ်ဆီး အမှန်တကယ် ရောက်နေသင့်တဲ့ အဆင့်ကို ထုတ်ဖော်လိုက်တဲ့ ပိုချက်တီနို

ချယ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက သူတို့အသင်းရဲ့ ဒီနှစ်ဘောလုံးရာသီအတွင်း အချက်အလက်တွေများအရဆိုရင် ပရီးမီးယားလိဂ် အမှတ်ပေးဇယားအတွင်း အဆင့်(၄) နေရာမှာ ရပ်တည်နေသင့်တယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့်(၁၁)နေရာထိ ရောက်ရှိလို့နေပြီး အဆင့်(၄)နေရာက အက်စတွန် ဗီလာအသင်းနဲ့လည်း ရမှတ်ပေါင်း (၁၇)မှတ်အထိတောင် ကွာဟလို့နေပါတယ်။

ဒါပေမယ့် ချယ်ဆီးက ဒီရာသီထဲ လိဂ်ဖလား ဖိုင်နယ်အဆင့်ထိ တက်လှမ်းထားနိုင်ခဲ့သလို အက်ဖ်အေဖလားပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်ထိ ရောက်ရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။

နောက်ပြီး Opta အချက်အလက်စုဆောင်းရေးကနေ ဖော်ပြထားတဲ့ ဒီရာသီအတွင်း ချယ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲ စွမ်းဆောင်မှုတွေကလည်း လက်ခံနိုင်စရာ အခြေအနေမှာ ရှိနေပါတယ်။

Opta ရဲ့ ဖော်ပြချက်မှာ ချယ်ဆီးက ဂိုးကန်ချက်မှာ အဆင့်(၁၃) ဂိုးပေါက်တည့်ကန်ချက်မှာ အဆင့်(၉) ဘောလုံးပေးပို့မှုမှာ အဆင့်(၆) Expected Goals မှာ အဆင့်(၆) Big Chances မှာ အဆင့်(၆)နဲ့ ပြိုင်ဘက်ဂိုးဧရိယာ ဘောလုံးထိမှု အဆင့်(၁၀)နေရာတွေမှာ ရပ်တည်ထားနိုင်ခဲ့ပါတယ်။

ဒီလို အချက်အလက်တွေနဲ့ ပတ်သက်ပြီး ပိုချက်တီနိုက “ အချက်အလက်အားလုံးကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့က အမှတ်ပေးဇယားရဲ့ စတုတ္ထနေရာမှာ ရှိနေသင့်ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီနေရာမှာ မရပ်တည်နိုင်ခဲ့ပါဘူး။

ဒါတွေက ဘာကို ညွှန်ပြနေသလဲဆိုတော့ ကျွန်တော်တို့ဟာ ကောင်းမွန်တဲ့ လမ်းကြောင်းမှာ ရှိနေတယ် ဆိုတာပါပဲ။ အချက်အလက်တွေ ကောင်းသလောက် ထိုက်တန်တဲ့ ရလဒ်မျိုးတွေ ရှိမနေဘူးဆိုရင်တောင် ကျွန်တော်တို့အနေနဲ့ ကိုယ့်လုပ်ငန်းစဉ်အပေါ်မှာ အပြည့်အဝ ယုံကြည်မှု ထားရှိသင့်ပါတယ်။” လို့ ပြောဆိုသွားပါတယ်။