သူ့ နည်းပြ သက်တမ်း ၁၅ နှစ်တာ အတွင်း အဆိုးဝါးဆုံး ဒဏ်ရာ ပြဿနာတွေ ချဲလ်ဆီးမှာ ကြုံနေရတယ်လို့ ပိုချက်တီနို ရင်ဖွင့်

ချဲလ်ဆီးအသင်းရဲ့ဒဏ်ရာပြဿနာဟာ အတော်ပဲကြီးမားနေပြီး ကစားသမားသစ် လာဗီယာ တစ်ယောက် ရာသီကုန်ထိ နားရမယ့် အပြင် နောက်ထပ် ကစားသမားတွေဖြစ်တဲ့ ချာလိုဘက်၊ ချူကွေမီကာနဲ့ ဆန်းချက်ဇ်တို့ကလည်း အခုချိန်မှာ ကစားနိုင်ခြင်းမရှိသေးပါဘူး။

ဒါကြောင့် ပိုချက်တီနိုက ဒီလို ဒဏ်ရာပြဿနာမျိုးဟာ သူ့ရဲ့နည်းပြဘဝမှာ အဆိုးဝါးဆုံးဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။

အာဂျင်တီးနားသားက “အရင်တုန်းက ဒီလိုမျိုး မကြုံဖူးပါဘူး။ ကျွန်တော့်ရဲ့ နည်းပြသက်တမ်း ၁၅ နှစ်အတွင်းမှာ အခုလိုအခြေအနေက ပထမဆုံးပါပဲ” လို့ပြောကြားခဲ့ပါတယ်။

လက်ရှိ ၂၀၂၃-၂၄ ရာသီမှာ ချဲလ်ဆီးဟာ ဒဏ်ရာပြဿနာအများအပြားနဲ့ကြုံတွေ့နေရပြီး အထူးသဖြင့် အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ရိစ်ဂျိမ်းစ်၊ ခရစ္စတိုဖာ အန်ကွန်ကူနဲ့ ရော်ဘတ်တိုဆန်းချက်ဇ်တို့ဟာ ဒဏ်ရာတွေကြောင့် ကာလရှည် အနားယူနေခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နွေရာသီမှာ ဆောက်သမ်တန်ကနေ စတန်းဖို့ဒ်ဘရစ်ချ်သို့ ပေါင် ၅၃ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ လာဗီယာကလည်း ဒဏ်ရာပြဿနာရှိနေတဲ့အပြင် နောက်ပိုင်းမှာတော့ ခြေကျင်းဝတ် ဒဏ်ရာထပ်မံရရှိခဲ့တယ်လို့ သိရပါတယ်။

လာဗီယာ ဟာ သူ့ရဲ့ချဲလ်ဆီးကစားသမားဘဝ ပထမဆုံးပွဲစဉ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလက ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ်ပါဝင်ခဲ့သော်လည်း ဒဏ်ရာရရှိခဲ့တာကြောင့် ကျန်တဲ့ရာသီဝက်ကို လွဲချော်ဖို့အလားအလာရှိနေတာဖြစ်ပါတယ်။

ယခုအခါ လာဗီယာရဲ့ လက်ရှိဒဏ်ရာဟာ ဆောက်သမ်တန်မှာ ရရှိခဲ့တဲ့ဒဏ်ရာနဲ့ တူညီမှုရှိမရှိမေးမြန်းခဲ့ရာ ပိုချက်တီနိုက ခုလို ရှင်းပြ တုန့်ပြန်ခဲ့ပါတယ်။

“မဟုတ်ပါဘူး။ ဒါကဒဏ်ရာအသစ်ပါ။ ကျွန်တော်က ဆရာဝန်မဟုတ်တော့ အသေးစိတ်အချက်အလက်ကိုပြောနိုင်ဖို့ ခက်ပါတယ်။ ဒါပေမယ့် သူအသင်းကိုရောက်လာတဲ့ ၉ လအတွင်းမှာ ကျွန်တော်တို့နဲ့ ရက်သတ္တပတ်အနည်းငယ်သာ လေ့ကျင့်ရေးဆင်းခဲ့ပါတယ်။

သူ စရောက်လာကတည်းက အသင်းနဲ့အတူ လေ့ကျင့်ရေးမဆင်းနိုင်ပါဘူး။ ဒဏ်ရာပြဿနာနဲ့အတူ အသင်းကို ရောက်လာခဲ့တာပါ။ တင်ပါးဒဏ်ရာလားဘာလားတော့ ကျွန်တော် မမှတ်မိတော့ပါဘူး။ ကျွန်တော်တို့နဲ့ လေ့ကျင့်ခန်းဆင်းပြီးနောက်ပိုင်းမှာ သူ ဝုဗ်နဲ့ပွဲအတွက်ပါဝင်ဖို့ အဆင်သင့်ဖြစ်ခဲ့ပေမယ့် ပွဲမထွက်ခဲ့ပါဘူး။

ပြီးတော့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ သူ မိနစ် ၃၀ ကစားပြီး အခုချိန်အထိ အနားယူနေရဆဲပါ။ ကျွန်တော်တို့နဲ့အတူ လေ့ကျင့်ရေးဆင်းနိုင်ဖို့ အလားအလာတော့ရှိပါတယ်” လို့ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ပိုချက်တီနိုရဲ့အသင်းဟာ ဘန်လေကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အနိုင်ရဖို့ အခွင့်အရေးကောင်းတွေကို ပိုင်ဆိုင်ထားပါတယ်။ ချဲလ်ဆီးဟာ နောက်ဆုံးပွဲစဉ် ၇ ပွဲမှာ ၁ ပွဲသာ ရှုံးနိမ့်ထားပြီး ခြေစွမ်းကောင်းကို တောက်လျှောက်ပြသထားနိုင်တာဖြစ်ပါတယ်။