ခြေစွမ်းမငြိမ်တဲ့ ချဲလ်ဆီး အသင်းသား တစ်ဦးက အားထားလို့ မရကြောင်း သတိပေးလိုက်တဲ့ အပြာရောင် တပ်သားဟောင်းကြီး

မတ်လနိုင်ငံပွဲတွေ မတိုင်ခင် ကစားခဲ့တဲ့ စတမ်းဖို့ဒ်ဘရစ်ခ်ျမှ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲမှာ ချဲလ်ဆီးဟာ ချန်ပီယံရှစ် အမှတ်ပေးဇယား ထိပ်ဆုံးက လက်စတာကို ၄ – ၂ ရလဒ်နဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ် တက်ခဲ့ပါတယ်။

လက်စတာနဲ့ ပွဲမှာ ချဲလ်ဆီးတို့ ခြေစွမ်းအရ အပြတ်အသတ် အသာရပြီး တဖက်သတ် ဖိကစားနိုင်ခဲ့ပေမယ့် ၊ ရလဒ်အရတော့ ပွဲပြီးခါနီး နာကျင်အချိန်ပို အထိ ရုန်းကန်ခဲ့ရပါတယ်။

အထူးသဖြင့် ပထမပိုင်းအတွင်း အဆုံးသတ် မသေချာခဲ့တဲ့ တောင်ပံကစားသမား ရာဟင်း စတာလင်ကြောင့် ချဲလ်ဆီးတို့ မထင်မှတ်ထားပဲ ရုန်းကန်ခဲ့ရပါတယ် ။

စတာလင် ဟာ ပထမပိုင်းမှာ ပင်နယ်တီကို လက်လွတ်စပယ် ပေါ့ပျက်ပျက် ကန်ခဲ့သလို အသင်းဖော် တောင်ပံကစားသမား မစ်ခ်ဟိုင်းလို မူဒရစ်ရဲ့ ဂိုးရနိုင်တဲ့ အပိုင်ကန်ချက် တကြိမ်လည်း မတော်တဆ ပိတ်ဆို့ခဲ့မိပြီး ၊ ဂိုးသမားနဲ့ တဦးချင်း အနေအထားမှာလည်း ဂိုးမသွင်းယူနိုင်ခဲ့ပါဘူး။

ဒါ့အပြင် ဒုတိယပိုင်းမှာလည်း စတာလင်ဟာ ပင်နယ်တီ ဧရိယာ ထိပ်နားက တိုက်ရိုက်ဖရီးကစ်ကို မိုးပေါ်ထောင်ကန်ခဲ့ပါသေးတယ် ။ ဒါဟာ စတာလင် လွဲခဲ့တဲ့ အဓိက အခိုက်အတန့်တွေသာ ဖြစ်ပြီး ၊ ကျန်တဲ့ ပွဲချိန်တွေ အတွင်း ဆိုးရွားတဲ့ ဘောလုံးပေးပို့ပုံ၊ နေရာယူပုံ၊ သတိမဲ့ပုံတွေ မပါဝင်သေးပါဘူး။

ချဲလ်ဆီး ကစားသမားဟောင်း စကော့ မင်တိုကတော့ စတာလင်ဟာ ခြေစွမ်းကောင်းတဲ့ အချိန်ဆို ကပ်မရတဲ့အထိ ကောင်းပေမယ့် အမြဲအားထားရသူ မဟုတ်ကြောင်း ဝေဖန်သွားပါတယ်။

စကော့ မင်တို က ” ရာဟင်း စတာလင်ဟာ လက်စတာနဲ့ ပွဲမှာ ဂိုးသမားနဲ့ တဦးချင်း အနေအထားကို လွဲချော်ခဲ့သလို ၊ ပင်နယ်တီကိုလည်း ကပျက်ကချော် ကန်ခဲ့ပါတယ် ။ ဒီနေရာမှာ သူဟာ အစကတည်းက ပင်နယ်တီကို မကန်ခဲ့သင့်တာပါ ။ ”

” စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ မန်စီးတီးဖက်ကို ကိုးလ်ပါလ်မာ သွင်းခဲ့တဲ့ ပင်နယ်တီဂိုးကို မှတ်မိကြတယ် မဟုတ်လား ? အဲဒီပွဲမှာ ခင်ဗျားဟာ နောက်ဆုံး မိနစ်မှာ ကိုယ့်အသင်းဟောင်းဖက်ကို ပင်နယ်တီ ကန်ရတာ ဖြစ်လို့ စတာလင်သာဆို အဲဒီနေရာမှာ ဖိအားဒဏ်ကို ကိုင်တွယ်နိုင်ပါ့မလား ? ”

” ရာဟင်း စတာလင်ဟာ သူ ခြေမှန်နေရင် တကယ်ကောင်းတဲ့ ကစားသမား တယောက် ဖြစ်တာမို့ အခုလို ဝေဖန်နေတာတွေက ရူးလောက်စရာကောင်းတယ်လို့ ထင်ရပါတယ် ။ ကျွန်တော်သာဆိုရင်လည်း သူ့ကို လိုက်ကပ်ချင်မှာ မဟုတ်ပါဘူး ။ ”

” ဒါပေမယ့် သူဟာ ပရော်ဖက်ရှင်နယ် ဘောလုံးသမား တယောက် ပုံစံမျိုး ဘယ်တော့မှ အမှန်တကယ် မကန်တတ်ပါဘူး ။ ဒီတော့ ကျွန်တော်သာဆို သူ့ကို ဖရီးကစ်၊ ပင်နယ်တီ တာဝန်ပေးမှာ မဟုတ်ပါဘူး။ ” လို့ ပြောကြားခဲ့ပါတယ်။